ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ကုမ္ပဏီ ၁၃ ရာခိုင်နှုန်းနီးပါးသည် လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းထားခဲ့ရကြောင်း မေလ ၆ ရက်တွင်ထုတ်ပြန်သည့် စစ်တမ်းတစ်ရပ်အရ သိရှိရသည်။
ယင်းက နိုင်ငံရေးအခြေအနေကြောင့် စီးပွားရေးအပေါ်သက်ရောက်သည့် ထိခိုက်ဆုံးရှုံးမှု အတိုင်းအတာကြီးမားမှုကို မီးမောင်းထိုးပြနေသည်။
ကပ်ရောဂါနှင့်ကြုံခဲ့ရသည့် တစ်နှစ်တာလုံးကာလထက်စာပါက နှစ်လတာအတွင်းမှာပင် နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်းက ကုမ္ပဏီများအပေါ် “ပိုမို ကြီးမားသည့် အပျက်သဘောဆောင် သက်ရောက်မှုတစ်ခု” ရှိစေခဲ့သည်ကို စစ်တမ်းတွင်ဖြေဆိုထားသည့် အဖြေများက ပြသနေသည်ဟု သိရသည်။
စစ်တမ်းတွင် ပါ၀င်ဖြေဆိုသူများအနက် သုံးပုံတစ်ပုံခန့်က ၎င်းတို့၏လုပ်ငန်းများကို ၇၅ ရာခိုင်နှုန်းနှင့်အထက် လျှော့ချထားရကြောင်း ဖြေဆိုခဲ့ကြသည်။
ထိုစစ်တမ်းကို နိုင်ငံခြားကုန်သည်ကြီးများအသင်း ၁၀ ခုက ပူးတွဲကောက်ယူခဲ့ခြင်းဖြစ်သည်။
အလားတူ ဖြေဆိုသူ ၂၁ ရာခိုင်နှုန်းက လုပ်ငန်းဆောင်ရွက်မှုများကို ၅၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ လျှော့ချထားခဲ့ရသည်ဟု ဖြေဆိုခဲ့ကြသည်ဟု သိရသည်။
ဖြေဆိုသူ ငါးရာခိုင်နှုန်းမျှကသာလျင် လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ထိခိုက်မှုမရှိဟု ဖြေဆိုခဲ့ကြသည်။
ဧပြီ ၉ ရက်အထိ ယင်းစစ်တမ်းတွင် ပါ၀င်ဖြေဆိုခဲ့သည့်ကုမ္ပဏီ ၃၇၂ ခုထဲတွင် တစ်၀က်နီးပါးသည် ဂျပန်ကုမ္ပဏီများဖြစ်ပြီး အရေအတွက်အားဖြင့် ၁၈၂ ခု ဖြစ်သည်။ ယင်းနောက်ပိုင်း အနောက်အုပ်စုကုမ္ပဏီ ၁၁၅ ခု ပါ၀င်ခဲ့သည်။ စစ်တမ်းဖြေဆိုသူ ၅၄ ဦးမှာ မြန်မာကုမ္ပဏီများ ဖြစ်သည်။
လုပ်ငန်းများထိခိုက်ရခြင်း၏ အဓိက အကြောင်းရင်းများနှင့်ပတ်သက်ပြီး စစ်တမ်းတွင်မေးမြန်းပြီး အမျိုးမျိုးသောအဖြေများကို ဖြေဆိုခွင့်ပြုခဲ့သည်။ ယင်းနောက် ဖြေဆိုသူများ အများဆုံးဖြေသည့်အချက်က ဘဏ်များ၊ ငွေလွှဲပြောင်းမှုများနှင့် ပေးချေမှုများ အလုပ်မဖြစ်ခဲ့၍ဟု ဖြေဆိုခဲ့ကြပြီး ယင်းသည် ဖြေဆိုမှုအများဆုံးအဖြစ် ၇၇ ရာခိုင်နှုန်းရှိခဲ့သည်။
အင်တာနက် အလျင်ပြတ်တောက်မှုကြောင့်ဟု ဖြေဆိုမှုက ဒုတိယအများဆုံးဖြစ်ခဲ့ပြီး ယင်းနောက် တတိယအများဆုံးအဖြေမှာ ၀န်ထမ်းများ အလုပ်နေရာများကို သွားရောက်ထမ်းဆောင် သို့မဟုတ် အလုပ်လုပ်ကိုင်နိုင်ခြင်း မရှိခြင်းကြောင့်ဟု ဖြေဆိုခဲ့ကြသည်။
နှစ်ကုန်ပိုင်းအထိ လုပ်ငန်းများဆက်လုပ်ရန် စီစဉ်ထားသလားဟု စစ်တမ်းတွင်မေးမြန်းရာတွင် ဖြေဆိုသူများအနက် ၃၉ ရာခိုင်နှုန်းက ယင်းသည် အခြေအနေ မည်သို့ဖြစ်လာမည်လဲဆိုသည့်အပေါ် မူတည်သည်ဟု ဖြေခဲ့ကြသည်။ ယင်းနောက်တွင် ဖြေဆိုသူ ၃၃ ရာခိုင်နှုန်းက ၎င်းတို့အနေဖြင့် နောက်ထပ် ရင်းနှီးမြှုပ်နှံမှု ထပ်မလုပ်ဘဲ လုပ်ငန်းများကို ဆက်လက်ထိန်းထားမည်ဟု ဖြေခဲ့ကြသလို ၁၅ ရာခိုင်နှုန်းကလည်း မြန်မာတွင် လုပ်ငန်းလည်ပတ်မှုများကို အဆင့်ဆင့်လျှော့ချသွားမည်ဟု ဖြေခဲ့ကြသည်။
စက်တင်ဘာလကုန်မတိုင်မီ တိုးတက်မှု တစ်စုံတစ်ရာမရှိပါက လုပ်ငန်းလည်ပတ်မှုအားလုံးကို ရပ်ဆိုင်းရသည့်၊ အလုပ်ခန့်အပ်မှု သဘောတူညီချက်များကို ဖျက်သိမ်းရသည့်၊ လုပ်ငန်းများနှင့် လစာပေးချေမှုများကို လျှော့ချရသည့် ကုမ္ပဏီအရေအတွက်သည် နှစ်ကုန်မတိုင်မီ နှစ်ဆတိုးလာနိုင်ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့်စိတ်ဆန္ဒသည်လည်း ပြိုလဲခဲ့ပြီဖြစ်ကြောင်း စစ်တမ်းက ပြသနေသည်။ ဖေဖေါ်ဝါရီမတိုင်မီက ဖြေဆိုသူ ၅၃ ရာခိုင်နှုန်းက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ရန် စီစဥ်ထားခဲ့ကြသည်ဟု သိရသည်။ သို့သော် ယခုအခါ နှစ်ကုန်မတိုင်မီ ထိုသို့လုပ်ဆောင်ရန် စီစဥ်ထားသူ ၅ ရာခိုင်နှုန်းမျှသာ ရှိတော့သည်။
ဇန်နဝါရီလက ကုမ္ပဏီအများစုသည် မြန်မာနိုင်ငံတွင် ယင်းတို့၏ လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆက်ထိန်းထားရန် သို့မဟုတ် တိုးမြှင့်ရန် စီစဥ်ထားခဲ့ကြသည်။ ယခုအခါ ထိုအစီအစဥ်များသည် ၂၀၂၁ ဖေဖေါ်ဝါရီလ နိုင်ငံရေးဖြစ်စဥ်များနောက်ပိုင်း ရပ်ဆိုင်းသွားခဲ့ပြီ ဖြစ်သည်။
အာဏာသိမ်းမှုကြောင့် အထိနာခဲ့သည့် နိုင်ငံခြားကုမ္ပဏီများအနက် ပေါ်လွင်ထင်ရှားသော ကုမ္ပဏီတစ်ခုမှာ နော်ဝေ ဆက်သွယ်ရေးလုပ်ငန်းစု တယ်လီနောပင် ဖြစ်သည်။ အာဏာသိမ်းမှုနောက်ပိုင်း ဆိုးဝါးလာသည့်အခြေအနေများကြောင့် ဒေါ်လာသန်း ၇၈၀ ခန့်နှင့်ညီမျှသည့် မြန်မာနိုင်ငံရှိ လုပ်ငန်းရင်းနှီးမှုပမာဏကို ဆုံးရှုံးမှုအဖြစ် သတ်မှတ်လိုက်ကြောင်း ကုမ္ပဏီကပြောခဲ့သည်။