ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းကြောင်း ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါတပ်မတော်ကို ဧပြီ ၅ ရက်တွင် NUG က ကာကွယ်ရေးဆိုင်ရာမူဝါဒနှင့်အညီ ပြည်သူကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
NUG က “အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ရှေ့ပြေးအမြုတေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defence Force) ကို ကာကွယ်ရေးဆိုင်ရာမူဝါဒနှင့်အညီ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်တွင် တရားဝင် ဖွဲ့စည်းထူထောင်လိုက်သည်” ဟု ထုတ်ပြန်ထားသည်။
ပြည်သူကာကွယ်ရေးတပ်မတော်သည် ဖက်ဒရယ်တပ်မတော်တည်ဆောက်ရန်အတွက် ရှေ့ပြေးအနေဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်ဟု NUG က ဆိုသည်။
NUG ၏ ထုတ်ပြန်ချက်အရ “အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ၊ စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ်အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်းခုနစ်ဆယ်ကျော်ဖြစ်ပွားနေသော ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေးတို့ကို ဆောင်ရွက်ရန် တာဝန်ရှိလာသည်” ဟု သိရသည်။
လက်ရှိ အကြမ်းဖက်စစ်ကောင်စီသည် တရားဝင် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို အဓမ္မလုယက်ပြီး အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားရုံသာမက၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ပြည်သူ များအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအပေါ် လေကြောင်း စစ်ဆင်မှု အပါအဝင် အင်အားအလွန်အကျွံအသုံးပြုကာ တိုက်ခိုက်ခြင်းကဲ့သို့သော စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်ဟု ဆိုသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူလူထု၏ လူသားလုံခြုံရေး၊ လူသားဖြစ်တည်မှုအပေါ် တန်ဖိုးထားလေးစားရေးတို့ကို ဆောင်ရွက်ခြင်းမရှိဘဲ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက် ဖျက်ဆီးလျက်ရှိသည့်အပြင်၊ တိုင်းပြည်၏ နိုင်ငံရေးဉီးတည်ချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကိုလည်း အဟန့်အတား ပြုလုပ်လျက်ရှိသည်ဟု NUG က ပြောသည်။
ထိုအခြေအနေများကြောင့် NUG အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defence Force) ကို ကာကွယ်ရေးမူဝါဒများနှင့် အညီ ဖွဲ့စည့်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က ရွေးကောက်ပွဲ မဲသမာမှုကိုအကြောင်းပြကာ မတရားအာဏာသိမ်းယူခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD ကိုယ်စားလှယ်များကလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းလိုက်ပြီး မတရားအာဏာသိမ်းယူထားသည့် စစ်တပ်အား တရားမဝင်အသင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်သည်။
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ပဒေကို ဖျက်သိမ်းကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ကြေညာစာတမ်းကို ထုတ်ပြန်ပြီးနောက် ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းခဲ့သည်။