ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ CDM ဝန်ထမ်း ၁၁ ဦးကို အလုပ်မှထုတ်ပယ်လိုက်ကြောင်း သိရသည်။
အဆိုပါဝန်ထမ်းများအား ဧပြီ ၂၄ ရက်မှစ၍ အလုပ်ကနေထုတ်ပစ် (Dismissal) လိုက်ပြီဖြစ်ကြောင်း မေ ၃ ရက်တွင် အကြောင်းကြားစာ ပေးပို့လာသည်ဟုဆိုသည်။
စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေသည့် ပြည်နယ်ဦးစီးမှူးက CDM ဝန်ထမ်းများကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်ပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၂၀ အရ ခြောက်လအတွင်း အယူခံလွှာတင်သွင်းနိုင်သည်ဟု ဆိုသည်။
အလုပ်မှ ထုတ်ပယ်ခံလိုက်ရသည့် ဝန်ထမ်းတစ်ဦးကတော့ အယူခံဝင်မည်မဟုတ်ဘဲ စစ်အာဏာကို အဆုံးထိတိုက်ထုတ်မည်ဖြစ်ကြောင်း သိရသည်။
"အမတို့အနေနဲ့ကတော့ အဆုံးထိ ပြည်သူ့အစိုးရ ပြန်လည်မတက်မချင်း အမတို့ကတော့ ဒီစစ်ကောင်စီအောက်မှာ လုံးဝ အလုပ်လုပ်ဖို့မရှိဘူး အယူခံဝင်ဖို့လည်းမရှိဘူး။ အယူခံဝင်ကြမှာလည်းမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အစကတည်းက ဒီအာဏာသိမ်းမှုအပေါ်မှာ မကျေနပ်လို့ အမတို့က CDM လုပ်တာဆိုတော့လေ။ သူတို့လက်အောက်မှာ လုံးဝအလုပ်ပြန်မဝင်ဘူး။ ပြည်သူ့အစိုးရပြန်တက်မှသာ ကိုယ့်လုပ်ငန်းခွင် ကိုယ်ပြန်ဝင်မှာပေါ့" ဟု ၎င်းကပြောသည်။
ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာနတွင် နေ့စားအပါအဝင် ဝန်ထမ်းအားလုံး ၂၆ ယောက်ရှိပြီး ဖေဖော်ဝါရီ ၈ ရက်နေ့တွင် နေ့စားအပါအဝင် ဝန်ထမ်း ၁၃ ယောက် CDM တွင် ပါဝင်ခဲ့ကြောင်း သိရသည်။
သို့သော် ဧပြီ ၂၁ ရက်တွင် ဝန်ထမ်းတစ်ဦး CDM မပါဝင်တော့ဘဲ အလုပ်ပြန်ဝင်ခဲ့ပြီး ကျန်သည့် CDM ဝန်ထမ်များက အလုပ်ကနေ ထုတ်ပစ် (Dismissal) ခဲ့ကြောင်း သိရသည်။
ယခုလို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခံလိုက်ရသည့်အတွက် အခက်အခဲရှိနိုင်ကြောင်း CDM ဝန်ထမ်းတစ်ဦးက ဆိုသည်။
"အခက်အခဲကတော့ ငွေရေးကြေးရေးပေါ့။ ကျမတို့ စားသုံးသူက သူများတွေ သိပ်မသိတော့လေ ထောက်ပံ့ငွေတွေဘာတွေရတဲ့အချိန်မှာ သိပ်မပါဖြစ်ဘူးပေါ့နော။ အစကတော့ တောင့်ခံတာပေါ့ တစ်ဖွဲ့လုံးက ဒီနောက်ပိုင်းရောက်လာတော့ ငွေရေးကြေးရေးခက်ခဲတာတွေရှိလာတယ်။ အိမ်ထောင်သည်နဲ့ မိသားစုများတဲ့သူလောက်ပဲ နေဖို့ထိုင်ဖို့ခက်ခဲတာပါ" ဟုပြောသည်။
အာဏာသိမ်းမှု သုံးလကျော်ရှိနေပြီး ပြည်သူများက စစ်အာဏာလက်အောက် မနေလိုသည့်အတွက် ဆက်လက်ဆန္ဒပြနေဆဲဖြစ်သလို အစိုးရဝန်ထမ်းများလည်း CDM ပြုလုပ်ကာ စစ်အာဏာကို ပြည်သူများနှင့်အတူ ပါဝင်နေကြခြင်းဖြစ်သည်။
Published
Thursday, May 06, 2021
စားသုံးသူရေးရာဦးစီးဌာနက CDM ဝန်ထမ်းများ အလုပ်မှထုတ်ပယ်ခံရ