နွေရာသီကို ရောက်လာပြီဆိုသည်နှင့်တပြိုင်နက် နှစ်စဉ်နှစ်တိုင်း သောက်သုံးရေရှားပါးမှုပြဿနာကို ရင်ဆိုင်နေရသည်မှာ မြန်မာနိုင်ငံ၏ အစဉ်အလာတစ်ခုကဲသို့ဖြစ်ပြီး ယနေ့ထက်တိုင်ဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းက မိုးနည်းဒေသတွင် သောက်သုံးရေရှားပါးမှုကို ကြုံတွေ့ကြရသည်မှာ မထူးဆန်းသော်လည်း မိုးများဒေသတစ်ခုဖြစ်သည့် ရခိုင်တွင် နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးမှုကို နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေကြရသည်မှာ ရေအရင်းအမြစ်ကို စနစ်တကျ စီမံခန့်ခွဲနိုင်မှု မရှိခြင်းကြောင့်သာဖြစ်သည်။
သောက်သုံးရေ လုံလောက်စွာရရှိရေးကို ကမ္ဘာ့နိုင်ငံတော်တော်များများမှာ နည်းမျိုးစုံဖြင့်ဖြေရှင်းနိုင်ဖို့ ကြိုးစားဆောင်ရွက်နေကြသည်ကိုလည်း မြင်တွေ့နေကြရသည်။
ရေအရင်းအမြစ်ရှားပါးလှသည့် အစ္စရေးနိုင်ငံကဲ့သို့ သဲကန္တာရထဲက နိုင်ငံများသည်ပင် ရေအရင်းအမြစ်ကို စနစ်တကျထိန်းသိမ်း၍ စိုက်ပျိုးရေးနည်းပညာများကို တိုးတက်အောင်ဆောင်ရွက်နိုင်သည်မှာ အတုယူအားကျစရာပင်ဖြစ်သည်။
ရခိုင်ဒေသတွင်လည်း မြောက်ဦးခေတ်ကတည်းက ရေရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်ကိုတွေ့ရသည်။
မည်သည့်စက်ယန္တရားမျှမပါရှိပဲ မြောက်ဦးမင်းနေပြည်တော်၏ ရေရှားပါးမှုပြဿနာအား ဖြေရှင်းနိုင်ခဲ့ကြသည်ကို တွေ့မြင်ကြရသည်။
မျက်မှောက်ခေတ်တွင် တည်ဆောက်ခဲ့ကြသော ရခိုင်ပြည်နယ်အတွင်းက ရေကာတာများမှာလည်း တည်ရှိနေသည့်အတိုင်းသာများပြီး ရေပေးဖြန့်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်များ အားနည်းလျှက်ပင် ရှိနေဆဲဖြစ်သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၏မြို့တော်ဖြစ်သည့် စစ်တွေအပါအဝင် မြို့နယ်အားလုံးနီးပါးတွင် ရေရှားပါးမှုပြဿနာအား ရင်ဆိုင်နေကြရသည်။
ရခိုင်ပြည်နယ်သည် နှစ်စဉ် မိုးရေချိန် လက်မ ၂၀၀ ကျော် ရွာသွန်းသည့်အပြင် မယူ၊ ကုလားတန်၊ လေးမြို့နှင့် နတ်မြစ်တို့၏ မြစ်ဖျားပိုင်းတို့မှ ရေချိုသယံဇာတကို လိုသလောက် ထုတ်ယူသုံးစွဲလို့ရနေပါလျှက်နှင့် ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်း ရေရှားပါးမှုပြဿနာအား ရင်ဆိုင်နေကြရသည်မှာ ရခိုင်ပြည်သူလူထုအပေါ် အစိုးရအဆက်ဆက်၏ စေတနာနည်းပါးမှုကြောင့်ဟုသာ ယူဆရပေလိမ့်မည်။
အဓိကအားဖြင့် ရခိုင်ပြည်နယ်၏ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သည့် စစ်တွေမြို့၏ သောက်သုံးရေရှားပါးမှုပြဿနာအား မဖြေရှင်းနိုင်သေးသည်မှာ လူထု၏ ဝေဖန်စရာဖြစ်လာနေသည်။
ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က စစ်တွေမြို့၏ ရေရှားပါးမှုပြဿနာအား ဖြေရှင်းနိုင်ရန်အတွက် စိန်မံကိန်းကြီးများဖြင့် လုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း ယခုထိတိုင် အကောင်ထည်မဖော်နိုင်သေးသည်မှာလည်း အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းပေလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ထိုစဉ်က စစ်တွေမြို့၏ သောက်သုံးရေမလုံလောက်မှုအား ဖြေရှင်းနိုင်ရန်ဟုဆိုကာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ခမီကြိမ်ချောင်းဆည်မှ ရေပိုက်လိုင်းဖြင့် သွယ်ယူရန် ဂျပန်နိုင်ငံ၏ JICA အစီအစဉ်မှ ချေးငွေများရယူ၍ လုပ်ဆောင်ခဲ့ကြသော်လည်း လက်ရှိအချိန်တွင် အဆိုပါစီမံကိန်းသည်လည်း ကြက်ပျောက်ငှက်ပျောက်အဖြစ်မျိုးဖြင့် နိဌိတံသွားသည်ကိုသာ တွေ့မြင်နေကြရသည်။
ပြည်သူလူထုကပေးဆောင်ထားသည့် အခွန်အခများအား ယခုကဲ့သို့ ရေရှားပါးမှုပြဿနာအတွက် သုံးစွဲရန် သင့်တော်ပေသည်။
စစ်တွေမြို့ရှိ နေအိမ်များသည် နှစ်လလျှင်တစ်ကြိမ် ရေခွန် ၅၀၀၀ စီအား ပုံမှန်ပေးဆောင်နေကြရသည်။
စစ်တွေမြို့တွင်းသို့ အဓိက သောက်သုံးရေဖြန့်ဝေပေးသည့် ကန်တော်ကြီးသည်လည်း ငွေးကြေး သိန်းပေါင်းသောင်းချီ၍ ပြုပြင်ထားသော်လည်း မတ်လကတည်းက ရေခန်းခြောက်နေသည့်အတွက် အဝီစိတွင်းများမှ ရေများအား စက်ငယ်များဖြင့်စုပ်ယူကာ ပိုက်လိုင်းများထဲသို့ ထည့်ပေးနေရသည်ကိုသာ တွေ့မြင်နေရသည်။
ထို့ကြောင့် နွေရာသီသို့ရောက်လာတိုင်း ရေရှားပါးမှုကို ရင်ဆိုင်နေကြရသည့် ရခိုင်လူထုအတွက် ရေအရင်းအမြစ်စီမံခန့်ခွဲမှုအား လက်ရှိအနေအထားထက် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် စီမံဆောင်ရွက်ပေးစေလိုကြောင်း DMG မှ တိုက်တွန်းရေးသားလိုက်ရပါသည်။