တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး ပစ်ချခံရသော မိုးမောက်မြို့နယ် မြို့သစ် ကုန်းလောကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်စခန်းများအား အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် တစ်နေ့လုံး ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက မေ ၄ ရက်နေ့ နံနက် ၃ နာရီမှစတင်ပြီး KIA ရှိရာ တပ်စခန်းများသို့ လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။
"အခြေနေက ပိုဆိုးလာဖို့များတယ်။ KIA က စစ်တပ်ရဲ့ လေယာဉ်ပစ်ချလိုက်လို့ ပိုတင်းသွားပုံရတယ်။ ဒီမနက်ပိုင်း ၃ နာရီလောက်ကနေ လက်နက်ကြီးသံတွေ ပြန်ကြားရတယ်။ စစ်တပ်က KIA ရှိတဲ့ဘက် လက်နက်ကြီးနဲ့ပစ်တော့ နှစ်ဖက်စလုံး အပြန်အလှန်ပစ်ခတ်ကြတယ်။ ဒီမနက်မိုးလင်းတဲ့အချိန်မှာဘဲ ပြန်ငြိမ်သွားတယ်။ အခုနေ့လည်ပိုင်းကနေ ပစ်သံထပ်ကြားရတယ်" ဟု ၎င်းကဆိုသည်။
အဆိုပါမြို့နယ်တွင် မေ ၃ ရက်မနက်ပိုင်းက အာဏာသိမ်းစစ်တပ်က ရဟတ်လေယာဉ်နှစ်စီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ KIA က ရဟတ်လေယာဉ်တစ်စီးကို ပစ်ချခိုက်ကြောင်း သိရသည်။
လေယာဉ်ပစ်ချခံရပြီးနောက် အာဏာသိမ်းစစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့သစ်ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် ပြည်သူလေးဦးကျဆုံးခဲ့ပြီး ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
ထိခိုက်ဒဏ်ရာရရှိထားသောသူများကို ဗန်းမော်စစ်တပ်ဆေးရုံတွင် ဆေကုသခံယူခိုင်းစေကြောင်း သိရသည်။
Published
Tuesday, May 04, 2021
ရဟတ်ယာဉ်တစ်စီး ပစ်ချခံရပြီးနောက် KIA တပ်စခန်းများသို့ စစ်တပ်က လက်နက်ကြီးဖြင့် တစ်နေ့လုံးပစ်ခတ်တိုက်ခတ်