ကချင်ပြည်နယ်အတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း KIA နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲကြောင့် မိုးမောက်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ရှမ်းစစ်ဘေးရှောင် အိမ်ထောင်စုငါးထောင်ကျော်ထိရှိလာပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများကပြောသည်။
“အကူအညီတွေမရကြဘူး။ INGO တွေ CSO တွေက သတင်းအချက်အလက်တွေ လာယူတယ်။ ဒါပေမယ့် ကူညီတာတွေတော့ မတွေ့မိသေးဘူး၊ ကူညီနေတဲ့ဟာတွေက တစ်နိုင်တစ်ပိုင် ပရဟိတတွေပဲရှိတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ဘေးရှောင်များကို လာရောက်ကူညီလိုလျှင် စစ်ကောင်စီ၏ စီမံအုပ်ချုပ်ရေးကော်မတီထံ ဦးစွာအကြောင်းကြားရမည်ဟု ညွှန်ကြားထာမှုလည်းရှိသည်ဟု အကူအညီပေးနေသည့် အဖွဲ့အစည်းများကဆိုသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများတွင် ရှမ်းတိုင်းရင်းသားများသည် ဧပြီလ ၁၂ ရက်ကတည်းက တာပိန်မြစ်တလျှောက် နယ်မြေအေးချမ်းသည့် ကျေးရွာများ၊ မိုးမောက်မြို့နှင့် ဗန်းမော်မြို့သို့ တိမ်းရှောင်လာခဲ့ကြခြင်းဖြစ်ပြီး အဆိုပါတိမ်းရှောင်လာသူများကို အကူအညီပေးရန် ကူညီပေးနိုင်ရန်အတွက် ဗန်းမော်မြို့ရှိ ရှမ်းအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများက ကော်မတီတစ်ရပ်ဖွဲ့စည်းထားကြောင်း သိရသည်။
“လွန်ခဲ့တဲ့ လေးငါးရက်က ကောက်ထားတဲ့စာရင်းမှာတောင် အိမ်ထောင်စု ငါးထောင်ကျော်သွားပြီ၊ အဲ့ထဲမှာက နာမကျန်းတွေကော၊ နို့တိုက်မိခင်တွေကော၊ မသန်စွမ်းတွေကော သက်ကြီးရွယ်အိုတွေကော အကုန်ပါတယ်” ဟု စစ်ဘေးရှောင်လာသူများ၏ စာရင်းကောက်ခံနေသူတစ်ဦးက ဆိုသည်။
မိုးမောက်မြို့ရှိ သိမ်မဟာကျောင်း၊ သိမ်မဟာမိုးကုတ်ရိပ်သာ၊ ရွေကျီးနား ကဇာတ်ရုံနှင့် ပရဟိတကျောင်းတို့တွင် ခိုလှုံနေသော ရှမ်းစစ်ဘေးရှောင်များကို ရှမ်းနီပါတီနှင့် ရှမ်းနီစာပေနှင့်ယဥ်ကျေးမှုအဖွဲ့က ကုညီပံ့ပိုးမှုများပြုလုပ်နေပြီး တစ်ပိုင်တစ်နိုင် ပရဟိတအဖွဲ့အချို့ကလည်း ကူညီမှုရှိနေကြောင်း သိရသည်။
2021 ခုနှစ် ရွေးကောက်ပွဲနောက်ဆက်တွဲအနေဖြင့် စစ်တပ်မှ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် အာဏာသိမ်းစစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားမှုမြင့်တက်ခဲ့ပြီး ရှမ်းတိုင်းရင်းသားများနှင့် ကချင်တိုင်းရင်းသားများ နေရပ်စွန့်ခွာ ထွက်ပြေးနေမှုများရှိနေခြင်းဖြစ်သည်။