ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်အတွင်းက ဒေသခံနှစ်ထောင်ကျော် ထိုင်းနိုင်ငံဖက်သို့ ထွက် ပြေးတိမ်းရှောင်နေရကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ကပြောသည်။
ဧပြီလ ၂၇ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်များမှ KNU/KNLA တပ်မဟာ ၅ မူတြော် (ဖာပွန်) ဒေသအတွင်းသို့ လေယာဉ်ဖြင့် နေ့တိုင်း လာရောက်ပစ်ခတ်နေသည့်အတွက် ဒေသခံများမှာကြောက်ရွ့ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KPSN ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက ပြောသည်။
၎င်းက “အခုအခြေအနေက လူတွေပြေးနေရတဲ့ အခြေအနေဖြစ်တယ်။ မနက်ကလည်း တစ်ခါနှစ်ခါ လာပစ်သေးတယ်။ ပြီးတော့ မနေ့ကလည်း နေ့ရောညရောဆိုရင် လာပစ်တာ သုံးခါရှိတယ်။ ဒါပေမယ့် သူတို့က တောထဲမှာလိုက်ပစ်တာ ဒါးဂွင်ဖက်မှာပေါ့။ အီသူးထ စစ်ဘေးရှောင်တွေကတော့ ထိုင်းဖက်ခြမ်းကို ပြေးလာပြီ။ မနေ့ကပြေးလာတာ လူဦးရေ ၂၀၀၉ ယောက်ရှိတယ်။ ဒီမနက်တော့ လူဦးရေအတိအကျ ကျမတို့မသိ ရသေးဘူး” ဟုပြောသည်။
“ထိုင်းအစိုးရက သူတို့ကို ပြန်မောင်းထုတ်မှာ စိုးရိမ်နေကြတာ အခုက တိုက်ပွဲဖြစ်နေတာ ပြီးတော့ လေယာဉ်ပျံတွေလည်း လာပစ်တာတွေရှိတော့ သူတို့က ကြောက်နေကြတာ အကယ်လို့ သူတို့ပြန်ရရင်တောင် မပြန်ရဲဘူး။ ပြန်လို့မရဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့ (ဧပြီ ၃၀ ရက်) တွင်လည်း စစ်ကောင်စီတပ်မှ ဒါးဂွင်ဒေသသို့ လေယာဉ်ဖြင်လာ ရောက်ပစ်ခတ်နေသည့်အတွက် အဆိုပါဒေသအနီးရှိ ဒေသခံများမှာ ထိုင်းဖက်နိုင်ငံဖက်သို့ ထပ်မံထွက်ပြေးလာနေသည်ဟု ကရင်ဒုက္ခသည်ကော်မတီ KRC တာဝန်ရှိသူတစ်ဦးဖြစ်သူ စောဘွေးဒိုက ပြောသည်။
စောဘွေးဒိုက “အခုတခါ ထပ်ပြီးတော့ ထိုင်းဖက်ကမ်းကို ကူးလာတာရှိတယ်။ မနေ့က သူတို့ပြန်သွားပြီးတော့ အခုက လေယာဉ်ပျံလာလို့ ထိုင်းဖက်ကို ပြန်ပြီးကူးလာတယ်ကြားတယ်။ လူဦးရေ အရေအတွက်တော့ မသိဘူး။ အီသူးထာမှာ လူဦးရေ အားလုံး နှစ်ထောင်ကျော်ရှိတယ်။ အီသူးထဖက်က အကုန်လုံးကုန်ရင် လူဦးရေ နှစ်ထောင်ကျော်လောက်ရှိမယ်။ အထက်ဖက်မှာလည်း တစ်နေရာရှိသေးတယ်။ မယ်နူထာဖက်မှာ။ ပြည်တွင်းမှာက အခြေအနေမကောင်းဘူးလေ။ အထူးသဖြင့် နယ်စပ်ပေါ့ ဒီနေ့တောင် လေယာဉ်ပျံလာတာရှိတယ်။ ခုနက ကျနော်တို့ကို ဖုန်းဆက်အကြောင်းကြားထားတာရှိတယ်” ဟုပြောသည်။
ထွက်ပြေးတိမ်းရှောင်လာကြသည့် ကရင်စစ်ဘေးဒုက္ခသည်များမှာ ဒါးဂွင်တစ်ဖက်ကမ်း ထိုင်းနိုင်ငံဖက်ခြမ်း ကရင်အခေါ် ကလိုဖ (Klo Pa) ဆိုသည့်နေရာတွင် နေထိုင်နေကြပြီး နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု KPSN ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
နော်ဝါးခူရှီးက “သူတို့ပြေးလာတော့ စားဖို့ သောက်ဖို့ ဝတ်ဖို့ ဘာမှမပါလာဘူး။ ပြီးတော့ မိုးရွာတော့ မနေ့ညက ရေကြီးတော့ သူတို့ရဲ့ပစ္စည်းတွေ ရေထဲပါသွားတာတို့ ရွံ့ထဲမြုပ်သွားတာတို့ အဲမှာ အခက်အခဲဖြစ်တာက သက်ကြီးရွယ်အိုဆို သူတို့ကိုထမ်းရတာလေ၊ မွေးကင်းစကလေးတွေလည်းရှိတယ်။ နာမကျန်းဖြစ်တဲ့လူလည်းရှိတယ်။ အဲဒါနဲ့ သူတို့က သွားတာလာတာဆိုတော့ အခက်အခဲအများကြီးရှိတယ်” ဟုပြောသည်။
ဧပြီ ၂၇ ရက်က KNU/KNLA တပ်မဟာ ၅ က စစ်ကောင်စီမှတပ်စွဲထားသည့် သော်လဲထာတပ်စခန်းကုန်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များက KNU/KNLA တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်အတွင်းသို့ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပစ်ခတ်မှုမျာကြောင့် ဗုံးသီးများမှာ ကျေးရွာအတွင်းသို ကျရောက်ပေါက်ကွဲသည့်အတွက် ဒေသခံများက ကြောက်လန့်ကာ နီးစပ်ရာတောတောင်များနှင့် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။
ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးဒုက္ခသည်များအား အကူအညီပေးရေးနှင့်ပတ်သက်၍ နော်ဝါးခူရှီးက “ကမ္ဘာ့ကုလသမဂ္ဂကို တောင်းဆိုချင်တာက ပြည်သူတွေရှိတဲ့နေရာတွေမှာ လေယာဉ်နဲ့လာပစ်တာတွေမရှိအောင် No Fly Zone ချပေးစေချင်တယ်။ UN အနေနဲ့ No Fly Zone ကို လုပ်ပေးဖို့တောင်းဆိုတယ်။ နောက်တစ်ခုက တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့သူတွေကို ထိုင်းနိုင်ငံက တတ်နိုင်တဲ့ဖက်က ကူညီလုပ်ဆောင်ပေး လက်ခံပေးနေတာရှိတယ် အဲလိုပဲ ကူညီမှုတွေကို ဆက်လက်လုပ်ပေးစေချင်တယ်။ စစ်ဘေးကြောင့် ဒုက္ခရောက်နေသူတွေကို သူနိုင်ငံမှာ ခေတ္တခန လာရောက်ခိုလှုံဖို့ ခွင့်ပြုပေးစေချင်တယ်။ အကူအညီပေးမှုတွေကိုလည်း ခွင့်ပြုပေးစေချင်တယ်။ ပြီးတော့ နိုင်ငံတကာကလည်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေါ့နော စားဝတ်နေရေးအတွက်ပဲဖြစ်ဖြစ် အစရှိတဲ့ လိုအပ်ချက်တွေကို ကူညီပေးစေချင်တယ်” ဟု တောင်းဆိုသည်။
ပြီးခဲ့သည့် မတ် ၂၇ ရက်ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ က အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသည့် သီးမူထာ တပ်စခန်းကုန်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။
ထိုသို့ တိုက်ခိုက်သိမ်းပိုက်လိုက်သည့်အတွက် စစ်ကောင်စီတပ်များက KNU တပ်မဟာ ၅ ဧရိယာအတွင်းသို့ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မယ်နူထာရွာ၊ သီးကော်ထာရွာ၊ အီးသူထာရွာ၊ အူးဝေးကလိုးရွာ စသည့် ကျေးရွာများမှ ဒေသခံများမှာ ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ ပြန်လည်မောင်းထုတ်ခဲ့သည်ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။