ရခိုင်ပြည်နယ်ရှိ ကျောင်းဆရာ/ဆရာမများအနေဖြင့် လာမည့် မေ ၃ ရက်တွင် မိမိတို့တာဝန်ကျရာ အခြေခံပညာကျောင်းများသို့ လာရောက်ကြရန် ညွှန်ကြားထားသည်ဟု ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကပြောသည်။
“သတင်းကတော့ မင်းတို့ သိထား၊ ကြားထားတဲ့အတိုင်းပေါ့။ ဆရာ/ဆရာမတွေကို ကျောင်းကိုသွားရဖို့ဆိုပြီးတော့ ညွှန်ကြားထားတယ်” ဟု ၎င်းကပြောသည်။
ကျောင်းဆရာ/ဆရာမများအား ကျောင်းသို့အရောက်လာခိုင်းသည်မှာ စာသင်ကြားရန်အတွက်မဟုတ်ဘဲ CDM လှုပ်ရှားမှုတွင် ပါ/မပါဆိုသည်ကို သိလိုသောရည်ရွယ်ချက်ဖြင့် ခေါ်ယူခြင်းဖြစ်သည်ဟု အမည်မဖော်လိုသော ကျောင်းအုပ်ဆရာမတစ်ဦးက ပြောသည်။
“အရင် ကျောင်းအုပ်တွေ CDM မလုပ်ကြောင်းကို လက်မှတ်ထိုးရတယ်။ အခု ကျောင်းအုပ်တွေက လက်မှတ်ထိုးပြီးပြီ။ နောက် ဆရာ/ဆရာမတွေကိုလည်း CDM လုပ်/မလုပ်ကို သိချင်တဲ့အတွက် သူတို့တာဝန်ကျနေတဲ့ ကျောင်းတွေကိုသွားပြီးတော့ လက်မှတ်ထိုးဖို့အတွက် ညွှန့်ကြားထားတာဖြစ်တယ်” ဟု သူကပြောသည်။
မေ ၃ ရက်တွင် တစ်နိုင်ငံလုံးမှ ဆရာ/ဆရာမများကို မိမိတို့တာဝန်ကျရာကျောင်းသို့ အရောက်လာရန် ညွှန်ကြားထားခြင်းသည်။
လွန်ခဲ့သည် ၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့မှုကြောင့် မြောက်ပိုင်းကျေးရွာတချို့မှ ကျောင်းများကို ပိတ်ထားခဲ့ရသလို့ ၂၀၂၀ ခုနှစ်တွင်လည်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများကို ပိတ်ထားခဲ့ရသည်။