ဖမ်းဆီးခံ ရခိုင်ကျောင်းသားလေးဦး၏အမှု တရားလိုရဲမှူးအား စစ်ဆေး

ဖမ်းဆီးခံ ရခိုင်ကျောင်းသားလေးဦး၏အမှု တရားလိုရဲမှူးအား စစ်ဆေး
by -
ထွန်းခိုင် (နိရဥ္စရာ)

ဖမ်းဆီးခံ ရခိုင်တက္ကသိုလ်ကျောင်းသားလေးဦး၏အမှုအား ယနေ့ (ဧပြီ ၂၈ ရက်) ရုံးချိန်းတွင် တရားလိုလုပ်တိုင်ကြားထားသော စစ်တွေမြို့နယ်၊ ရဲမှူးဇော်နိုင်အား စစ်ဆေးခဲ့ကြောင်း ကျောင်းသားများဖက်က အမှုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့် မောင်က ပြောသည်။

“ဒီနေ့ရုံးချိန်းမှာတော့ တရားလို ရဲမှူးဇော်နိုင်ကို စစ်တယ်။ ငြိမ်းစုစီရော၊ ၅၀၅ ရော နှစ်မှုလုံးကိုစစ်တယ်။ နှစ်မှုလုံးမှာ သူကတရားလိုဖြစ်တဲ့အတွက် နှစ်မှုလုံးကိုစစ်တယ်။ ဒီနေ့ရုံးချိန်းမှာ ထူးခြားတာကတော့ ခွင့်ပြုမိမရဘဲနဲ့ စီတန်းလှည့်လည်တဲ့ဟာကိုပဲ စောင်းပေးပြီးတော့ အပြန်အလှန်မေးမြန်းမှုလုပ်တယ်။ သူတို့တိုင်ချက်မှာလည်း တစ်စုံတစ်ရာခွင့်ပြုချက်မရဘဲနဲ့ စီတန်းလှည့်လည်တယ်ဆိုပြီးတော့ သူတို့တိုင်ချက်မှာပါတယ်။ အဲဒါကိုပဲ စောင်းပေးပြီးတော့ အဓိကမေးလိုက်ပါတယ်” ဟု ၎င်းကပြောသည်။

၄င်းတို့လေးဦး၏အမှုအား ဆက်လက်စစ်ဆေးရန် လာမည့် မေ ၆ ရက်သို့ ထပ်မံရုံးချိန်းလိုက်သည်ဟု ၎င်းကဆက်ပြောသည်။

ယခုအမှုအား အချိန်တိုအတွင်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ပေးစေချင်ကြောင်း စစ်တွေ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောသည်။

“ကျွန်တော်တို့ကတော့ မြန်မြန်ဆန်ဆန် စစ်ဆေးပြီးစေချင်ပါတယ်။ တရားသူကြီးအနေနဲ့လည်း ဒီဟာကို အချိန်တိုအတွင်း လုပ်ဆောင်ပေးဖို့တောင်းဆိုချင်တယ်။ နောက်ပြီးတော့ သက်ဆိုင်ရာ တရားစွဲဆိုထားတဲ့သူတွေအနေနဲ့လည်း ဒီအမှုကို ဖြေလျော့ပေးစေချင်တယ်” ဟု ၎င်းကပြောသည်။

ဖမ်းဆီးခံနေရသော ကျောင်းသားများမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ဝန်းရံကျောင်းသား ကိုကောင်းထွန်း (တက္ကသိုလ်များ- ရန်ကုန်) တို့ဖြစ်ကြသည််။

၄င်းတို့သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့ပေါ်တွင် ပြည်သူများနှင့်အတူ အစိုးရအလိုမရှိ၊ နယ်ချဲ့စစ်တပ်အလိုမရှိ၊ တပ်မတော်နှင့် ရခိုင်ပြည်နယ်အစိုးရကို အလိုမရှိကြောင်း ပိုစတာဗီနိုင်းများကိုကိုင်ဆောင်၍ ချီတက်ဆန္ဒပြမှုပြုလုပ်ခဲ့သောကြောင့် ငြိမ်းစုစီပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ တို့ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

ထို့ပြင် ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်တို့သည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအတွင်းက ပြည်နယ်အစိုးရရုံးရှေ့တွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ နှင့်လည်း တရားစွဲဆိုခံထားရကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...