ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေဆုံးသွားသော ဦးအောင်ထွန်းလှ၏ ဆေးစာမရသေးသည်မှာ တစ်လနီးပါးရှိနေပြီဖြစ်သည်။
ထိုသို့ ဆေးစာမရရှိသေးသဖြင့် သေဆုံးသွားသည့်အကြောင်းအရင်းကို မသိရသေးကြောင်း ၎င်း၏အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ မြောက်ဦးခရိုင်ဥပဒေအထောက်အကူပြုအဖွဲ့မှ ရှေ့နေ ဒေါ်လှမေစုက ပြောသည်။
“ဆေးစာမရဘူးဆိုတာက ရဲတွေအလုပ်မလုပ်လို့ မရဘူးဖြစ်နေတာ။ ဆေးစာယူရဖို့တာဝန်က ကျွန်မတို့တာဝန်မဟုတ်ဘူး။ ရဲတာဝန်ဖြစ်တယ်။ အဲဒါကို ကျွန်မတို့ တောင်းလို့လည်းမရဘူး။ တရားခံတစ်ယောက် သေတယ်ဆိုလို့ရှိရင် ဆေးစာကို တင်ပြရမှာဖြစ်တယ်” ဟု ရှေ့နေ ဒေါ်လှမေစုက ပြောသည်။
ဦးအောင်ထွန်းလှမှာ မည်သည့်အတွက်ကြောင့် သေဆုံးသွားသည်ကို အမြန်ဆုံးသိချင်ကြောင်းနှင့် ဆေးစာမရသဖြင့် သေဆုံးရသည့်အကြောင်းအရင်းကို မသိရှိရသည့်ကိစ္စမှာ မဖြစ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ဦးမြို့မရဲစခန်းသို့ ဆက်သွယ်ရာ ဒု-ရဲအုပ်အောင်သူက ဦးအောင်ထွန်းလှသေဆုံးသွားခြင်းမှာ နှလုံးအလုပ်မလုပ်သဖြင့် ရုတ်တရက်သေဆုံးသွားခြင်းဖြစ်ပြီး သူ၏ဆေးစာအားလည်း တရားရုံသို့ပို့ထားပြီဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဦးအောင်ထွန်းလှ အသက် (၅၈) နှစ်သည် ပြီးခဲ့သည့် မတ် ၃၁ ရက် ညနေ ၁၀ နာရီအချိန်တွင် သတိလစ်ပြီး မြောက်ဦးမြို့ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားသူသည် မြောက်ဦးမြို့နယ်၊ သပြေကန်ကျေးရွာမှဖြစ်ပြီး ၄င်းသည် မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်မှ သံတို၊ သံစ ရောင်းဝယ်သူ ဦးစိန်ဝင်းမောင် အသက် (၆ဝ) နှစ်နှင့်အတူ တိမ်ညိုကျေးရွာအနီးတွင် ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌ တပ်မ ၅၅ စစ်ကြောင်းတစ်ခု၏ ဖမ်းဆီးခြင်းကိုခံခဲ့ရကြောင်း သိရသည်။
ယင်းနောက် ၄င်းတို့နှစ်ဦးကို အကြမ်းဖက်မှုဥပဒေပုဒ်မ ၅ဝ (စျ)/ ၅၂ (က)တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ကာ မြောက်ဦးရဲစခန်းအချုပ်ထဲမှနေပြီး အမှုရင်ဆိုင်နေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
မြောက်ဦးခရိုင်အတွင်း ၎င်းတို့အမှုအပါအဝင် အကြမ်းဖက်မှုနှင့် တရားစွဲဆိုထားသောအမှုပေါင်း ၂၄ မှုရှိကြောင်းလည်း သိရသည်။