မင်းတပ်မြို့တွင် အဖမ်းခံရသော လူငယ်ခုနစ်ဦးကို ပြန်လွှတ်ပေး

မင်းတပ်မြို့တွင် အဖမ်းခံရသော လူငယ်ခုနစ်ဦးကို ပြန်လွှတ်ပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ပြီးနောက် ဧပြီ ၂၄ ရက်က အဖမ်းခံရသော လူငယ်ခုနစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ (ဧပြီ ၂၇ ရက်) ည ၁၀ နာရီကျော်ကျော်ခန့်တွင် ပြန်လွှတ်ပေးခဲ့သည်။

 

“မနေ့ညကတော့ ခုနစ်ဦးပြန်လွှတ်တယ်။ အခု သူတို့ကို လုံခြုံတဲ့နေရာမှာထားတယ်။ တချို့ကိုတော့ ပြန်မလွှတ်ပေးသေးဘူး။ ဒါတွေလည်း ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားတယ်” ဟု မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဦးဆောင်သူတစ်ဦးက ပြောသည်။

 

မင်းတပ်မြို့တွင် အဖမ်းခံရသူ ၁၂ ဦးရှိခဲ့ပြီး ခုနစ်ဦးသာပြန်လွှတ်ပေးကာ ငါးဦးကျန်ရှိနေသေးကြောင်း သိရသည်။

 

ချင်းပြည်နယ် မင်းတပ်မြို့တွင် ဧပြီ ၂၄ ရက်က ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် စစ်ကောင်စီအားဆန့်ကျင်ကြောင်း စက္ကူသပိတ် လိုက်လံကပ်ကြသည့် အမျိုးသမီးလေးဦးနှင့် အမျိုးသားသုံးဦး စုစုပေါင်း ခုနစ်ဦး အဖမ်းခံခဲ့ရပြီး ပြန်လွှတ်ပေးရန် ပြည်သူဘက်က တောင်းဆိုခဲ့ကြသော်လည်း ပြန်မလွှတ်ပေးသည့်အတွက် မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်များအကြား ဧပြီ ၂၄၊ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဘက်က အနည်းဆုံး အယောက် ၂၀ ခန့် သေဆုံးမှုရှိခဲ့သည်ဟု Chinland Defense Force- Mindat ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ယခုလက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီတပ်များသည် တပ်ပြန်ဆုပ်သွားပြီး မင်းတပ်မြို့တွင် ပစ်ခတ်မှုမရှိဘဲ အခြေအနေတည်ငြိမ်လျက်ရှိသည်ဟု သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...