မွန်ပြည်နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများ မေ ၃ ရက် နောက်ဆုံးထား၍ ရုံးပြန်တက်ရန် ပြည်နယ်ပညာရေးမှူးရုံးက ဖိအားပေးနေကြောင်း လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement - CDM) ပညာရေးဝန်ထမ်းအချို့က ပြောသည်။
ပြည်နယ်ပညာရေးမှူးရုံးအပါအဝင် ခရိုင်ပညာရေးမှူးရုံးများ၊ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာသင်ကျောင်းများမှ ဆရာ/ဆရာမများနှင့် ရုံးဝန်ထမ်းများ မေ ၃ ရက်နောက်ဆုံးထား၍ မပျက်မကွက် ရုံးပြန်တက်ကြရန် ဧပြီ ၂၅ ရက် ရက်စွဲဖြင့် ပြည်နယ်ပညာရေးမှူးရုံးမှ စာထုတ်ကာ ဖိအားပေးမှုများ ပြုလုပ်လာသည်ဟု CDM ပညာရေးဝန်ထမ်းများက ပြောသည်။
“၅ လပိုင်း ၃ ရက်နေ့နောက်ဆုံး ရုံးပြန်တက်ဖို့ အလုပ်ပြန်ဆင်းဖို့ စာထုတ်ပြီးတော့ CDM ဝန်ထမ်းတွေကို ဖိအားပေးနေတယ်၊ ဒါကို ပျက်ကွက်မယ်ဆိုလို့ရှိရင်လည်း ပျက်ကွက်တဲ့သူရဲ့ အချက်အလက်ကို တိတိကျကျ စာရင်းပြုစုပြီးတော့ ပြန်တင် အဲလိုမျိုးနဲ့ စာထုတ်ထားတယ်၊ CDM တွေကို ဖိအားပေးတာပေါ့” ဟု CDM ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
သတ်မှတ်ရက်အတွင်း ရုံးပြန်တက်ကြရန်နှင့် ပျက်ကွက်သူများကို စာရင်းတိကျစွာပြုစု၍ ပြည်နယ်ပညာရေးမှူးရုံး စီမံဌာနသို့ မေလ ၃ ရက်နေ့ နေ့လည် ၁ နာရီအရောက် တင်ပြရန်လည်း ပြည်နယ်ပညာရေးမှူးရုံးမှ ထုတ်ထားသည့်စာတွင် ပါရှိသည်။
စစ်အာဏာသိမ်းမှုကို ပြည်သူများနှင့်အတူ ပညာရေးဝန်ထမ်းတို့ကလည်း အင်တိုက်အားတိုက်ဖြင့် လမ်းပေါ်ထွက်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
ပြည်နယ်အတွင်းရှိ ထောင်နှင့်ချီသော ပညာရေးဝန်ထမ်းများက အာဏာရှင်ဖိဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားကြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်နေကြလျှက်ရှိသည်။
ယခုခါ အာဏာသိမ်းစစ်ကောင်စီမှ CDM တွင်ပါဝင်သည့် ပညာရေးဝန်ထမ်းအချို့ကို လုပ်ငန်းတာဝန် ရပ်ဆိုင်းလိုက်ခြင်းဖြင့် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်ထဲပြန်ဝင်ရန် ဖိအားပေးလုပ်ဆောင်လျှက်ရှိသည်။
တစ်ဘက်တွင်လည်း CDM ပညာရေးဝန်ထမ်းအချို့ကို ပုဒ်မ (၅၀၅) ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးမှုများ လုပ်ဆောင်လာနေသည်များလည်းရှိသည်။
ထိုအခြေအနေကြောင့် ပြည်နယ်အတွင်းရှိ CDM ပညာရေးဝန်ထမ်းအများစုတို့က တိမ်းရှောင်နေရသည့် အနေအထားရှိနေသည်ဟု သိရသည်။
အာဏာသိမ်းစစ်ကောင်စီက ယခုနှစ်တွင် ကျောင်းများပြန်ဖွင့်ရန်စီစဉ်နေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများထဲရှိ မြို့နယ်အချို့တို့ရှိ CDM လှုပ်ရှားမှုများတွင် ပါဝင်နေကြသည့် ပညာရေးဝန်ထမ်းများကို ရုံးပြန်တက်ရန် ဖိအားပေးမှုများ ဧပြီလ ဒုတိယအပတ်က စတင်စာပို့မှုများရှိနေသည်ဟု ပညာရေးဝန်ထမ်းများက ပြောသည်။
ထို့ပြင် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement - CDM) ကျန်းမာရေးဝန်ထမ်းများထံ လုပ်ငန်းခွင်သို့ အမြန်ဆုံးဝင်ရောက်ရန် အကြောင်းကြားစာပေးပို့လာပြီး ခြိမ်းခြောက်မှုများလည်းရှိနေသည်ဟု ကျန်းမာရေးဝန်ထမ်းများက ပြောသည်။