ပုဏ္ဏားကျွန်း ရေဖြူကန် စစ်ဘေးရှောင်စခန်းတွင် ရေရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရ

ပုဏ္ဏားကျွန်း ရေဖြူကန် စစ်ဘေးရှောင်စခန်းတွင် ရေရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရ
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေဖြူကန် စစ်ဘေးရှောင်စခန်းတွင် ရေရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းမှစ၍ ရေရှားပါးသည့်ကိစ္စနှင့် ရင်ဆိုင်ကြုံတွေ့နေကြရခြင်းဖြစ်ပြီး ယခုနှစ် ဧပြီလအတွင်း ရေရှားပါးမှုပြဿနာမှာ ပိုဆိုးရွားလာနေကြောင်း စခန်းတာဝန်ခံ ဦးကျော်စိန်ဝင်းက ဆိုသည်။

“ကျွန်တော်တို့မှာ ရေကိစ္စ တော်တော်အခက်ခဲဖြစ်နေပါတယ်။ ပတ်ဝန်းကျင်ကလည်း ရေရတာတွေမရှိဘူး။ ဒီလအတွင်း ပိုဆိုးပါတယ်။ ရလာတဲ့ရေ နည်းနည်းလေးကိုလည်း စစ်ဘေးရှောင်တွေအများကြီးက မျှသုံးကြရပါတယ်။ ရေအလှူရှင်တွေရှိရင် ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းကို ရေလာလှူစေချင်ပါတယ်။ သောက်ရေကတော့ အလှူရှင်တစ်ယောက်က လှူနေတာရှိပါတယ်။ ဒါပေမဲ့ သိပ်လောက်ငတာ မရှိပါဘူး” ဟု ဦးကျော်စိန်းဝင်းက ပြောသည်။

ရေဖြူကန်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၂၀၆ စုနှင့် လူဦးရေ ၈၃၉ ဦးရှိကြောင်းနှင့် ၎င်းစစ်ဘေးရှောင်များအနေဖြင့် ယခင်က စစ်ဘေးရှောင်စခန်း အနီးအနားကျေးရွာများရှိကန်များမှ ရေကိုခပ်ကာ အသုံးပြုခဲ့ကြပြီး လက်ရှိတွင် ယင်းကန်များမှ ရေများခမ်းခြောက်သွားသည့်အတွက် ရေအခက်ခဲတွေ့နေရခြင်းဖြစ်ကြောင်း ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ ဒေါ်မိုးမြတ်ဦးက ပြောသည်။

“အရင်တုန်းကဆို ၁၅ မိနစ်လောက် နေပူခံလမ်းလျှောက်ပြီးတော့ ကန်တွေက ရေသွားခပ်ရတယ်။ အခုဆို အဲဒီရေတွေလည်းခမ်းသွားတော့ ရေမရှိဘူး။ အဝတ်လျှော်၊ ထမင်းချက်၊ ရေချိုး အဲဒါတွေက ဘာတစ်ခုမှ အဆင်မပြေဘူး” ဟုပြောသည်။

ထိုစစ်ဘေးရှောင်စခန်းသို့ မီးသတ်ဦးစီးဌာက မီးသတ်ကားနှစ်စီးဖြင့် လာရောက်ကာ ရေပေးသော်လည်း စခန်းတွင် လူဦးရေများသည့်အတွက် ရေလောက်ငမှုမရှိဟုဆိုသည်။

ယင်းကဲ့သို့ မီးသတ်ကားဖြင့် ရေလာရောက်ပေးသည်မှာလည်း ပုံမှန်မရှိကြောင်း ဦးကျော်စိန်ဝင်းက ဆက်ပြောသည်။

ရေဖြူကန်စစ်ဘေးရှောင်စခန်းတွင် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်၊ သာစည်၊ ပိန္နဲတော၊ ဒိုးတန်း ပလက်ဝမြို့နယ် နှမဒါနှင့် မီးလက်ဝကျေးရွာတို့မှ စစ်ဘေးရှောင်များ ခိုလှုံလျက်ရှိကြောင်း သိရသည်။

၎င်းတို့သည် ကျေးရွာအနီး ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲများကြောင့် ၂ဝ၂ဝ ပြည့်နှစ် ဧပြီလအစောပိုင်းမှစတင်ထွက်ပြေး လာရောက်ခိုလှုံနေထိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...