ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ ဦးခေါင်းတွင် လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ မနှင်းယုလှိုင်ကို ရန်ကုန်မြို့သို့ ပို့ဆောင်ဆေးကုသရမည့်အချိန် တစ်လကျော်သွားပြီဖြစ်ပြီး ဆေးကုသရန် မသွားရောက်နိုင်သဖြင့် သူမအတွက် စိုးရိမ်နေရကြောင်း မိသားစုဝင်များက ပြောသည်။
သူမ၏ဖခင်ဖြစ်သူ ဦးမောင်ဖြူသီးက “ရန်ကုန်က ဆရာဝန်ကြီးက မှာလိုက်တာကတော့ နှစ်လပြည့်လို့ရှိရင် ပြန်လာပြပါဆိုပြီးတော့ မှာလိုက်တယ်။ နှစ်လပြည့်သွားတဲ့အခါ ကျွန်တော်တို့ ဆရာဝန်ကြီးကို ဖုန်းဆက်ကြည့်တော့ လာလို့မရတော့ဘူး။ အဲမှာပဲ ဒီကပေးလိုက်တဲ့ ဆေးတွေကို တစ်လစာ ဝယ်သောက်ပါဆိုလို့ စစ်တွေက ဆေးဝယ်ပြီးတော့ သောက်နေရတယ်။ အခုက အဲဒီတစ်လစာလည်း ကုန်သွားပြီ။ ဒါပေမဲ့ ကျွန်တော်တို့ သွားလို့မရသေးဘူး။ အခုတော့ အဲဒီဆရာဝန်နဲ့လည်း အဆက်အသွယ်မရတော့ဘူး။ ဆေးကုန်သွားပြီဖြစ်တဲ့အတွက် ရခိုင်ပြည်ကျောင်းသားသမဂ္ဂတော့ ဒီလအတွက် အဲဆေးကိုဝယ်ပြီးတော့ ထည့်ပေးထားတယ်လို့ပြောတယ်” ဟုပြောသည်။
မနှင်းယုလှိုင်သည် လက်ရှိအချိန်တွင် ညောင်ကန်ကျေးရွာသို့ ပြန်လည် ရောက်ရှိနေပြီး ကျန်းမာရေးကောင်းမွန်နေသော်လည်း ဦးခေါင်းတွင် ရှိနေသောလက်နက်ကြီးကျည်စအား မထုတ်ရသေးဟု ဖခင်ဖြစ်သူကဆက်ပြောသည်။
“အခုက ရန်ကုန်မှာလည်း ဆန္ဒပြတာတွေနဲ့ ဆူပူနေကြတယ်ဆိုတော့ ကျွန်တော်တို့ သွားလို့ အဆင်မပြေသေးဘူး။ သွားတော့ သွားချင်နေပြီ။ သူ့ဦးခေါင်းထဲမှာလည်း လက်နက်အစ ရှိသေးတယ်ဆိုတော့ စိုးရိမ်တာပေါ့” ဟု ၎င်းကပြောသည်။
မနှင်းယုလှိုင်မှာ ကျည်ထိမှန်ဒဏ်ရရှိခဲ့ပြီးနောက် စစ်တွေဆေးရုံတွင် ၄၆ ရက်ကြာ ဆေးကုသမှုခံယူခဲ့ရပြီး ဒီဇင်လအတွင်းက ရန်ကုန်သို့ သွားရောက်ကာ တစ်လကျော်ကြာ ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော ၂၀၂၀ ခုနှစ် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက တပ်မတော်တပ်စစ်စခန်းတစ်ခုဘက်က ပစ်လိုက်သော လက်နက်ကြီးကျည် လေးလုံး ညောင်ကန်ရွာထဲ ကျရောက်ပေါက်ကွဲရာမှ ကျောင်းဆရာမတစ်ဦး၊ ကလေးနှစ်ဦးနှင့် ကျေးရွာသားတစ်ဦး စုစုပေါင်း လေးဦး သေဆုံးသွားခဲ့ပြီး မနှင်းယုလှိုင်အပါအဝင် ဒေသခံ ၁၀ ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာလူကြီးများက ပြောကြားခဲ့သည်။
Published
Sunday, April 25, 2021
ရန်ကုန်မြို့သို့ ဆေးကုသမှုခံယူရန် မသွားရောက်နိုင်၍ ဦးခေါင်းကျည်စထိမှန်ခဲ့သည့် မနှင်းယုလှိုင်၏အသက်အန္တရာယ် စိုးရိမ်နေရ