ပြည်သူ့စစ်တပ်များ အင်အားဖြည့်ပေးရန် စစ်ကောင်စီ ဆင့်ခေါ်နေရ

ပြည်သူ့စစ်တပ်များ အင်အားဖြည့်ပေးရန် စစ်ကောင်စီ ဆင့်ခေါ်နေရ
by -
သျှမ်းသံတော်ဆင့်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရလခတိုင်းစစ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များ အင်အားဖြည့်ပေးရန် တိုင်းမှူးက ဆင့်ခေါ်ခဲ့ကြောင်း ပြည်သူ့စစ်အသိုင်းအဝိုင်းမှ သိရသည်။ 

 

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့အခြေစိုက် ရလခ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ၄င်းလက်အောက်ခံရှိ ပြည်သူ့စစ်တပ်ဖွဲ့များအား ဆင့်ခေါ်တွေ့ဆုံပြီး အင်အားဖြည့်တင်းပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။ 

 

ရလခ တိုင်းမှူးသည် ကွန်ဟိန်းမြို့ကာလိ အခြေစိုက် ကာလိပြည်သူ့စစ်တပ်ဖွဲ့၊ နမ့်စန်မြို့နယ် ပန်လျဲန်းဆိုင် မတ်ကျိုင်းရွာ အခြေစိုက် မတ်ကျိုင်းပြည်သူ့စစ်တပ်ဖွဲ့၊ နားရိုင်း ပြည်သူ့စစ်တပ်ဖွဲ့နှင့် ဟိုမိန်းခြေစိုက် မဟာကြာ၏ SSS ပြည်သူ့စစ်ခေါင်းဆောင်များအား နမ့်စန် တပ်နယ် အစည်းအဝေးခန်းမတွင် ဆင့်ခေါ်တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။

 

“အဓိက က သုံးချက်ပေါ့။ တစ် - ဒေသဖွံ့ဖြိုးရေးအတွက် ဘာတွေလိုအပ်လဲ ကူညီပေးမယ်။ နှစ် - CDM နဲ့ ဆန္ဒပြတဲ့သူတွေ ခိုလှုံခွင့်တောင်းလာရင် ကောင်းကောင်းမွန်လက်ခံပြီး တပ်ထံပြန်အပ်ပေးဖို့ပေါ့။ သုံး - ဒေသအတွင်းလုံခြုံရေးအတွက် အင်အားဖြည့်ပေးဖို့ တိုင်းမှူးကပြောတယ်” ဟု အမည်မဖေါ်လိုသည့် ပြည်သူ့စစ်အရာရှိတစ်ဦးက ပြောသည်။ 

 

တွေ့ဆုံမှုတွင် တိုင်းမှူးက ပြည်သူ့စစ်တပ်ဖွဲ့တစ်ခုလျှင် လူအင်အား ၁၀၀ ကျပေးရန် ပြောဆိုခဲ့သော်လည်း ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်များက အယောက် ၃၀ သာ ကူညီနိုင်သည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။ 

 

“ကျွန်တော်တို့လူကြီးက ပြောတယ်။ ကျိုင်းတောင်းဘက် လှုပ်ရှားနေတဲ့ RCSS တပ်တွေ ရှင်းထုတ်ဖို့ တပ်က တောင်းဆိုတာလို့ကြားတယ်” ဟု နမ့်စန်မြို့နေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

 

ကျိုင်းတောင်းဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်၍ ပြောခွင့်ရ ဗိုလ်မှူးခမ်းစံက “ထူးထူးခြားခြား စစ်ရေးလှုပ်ရှားမှု မရှိသေးဘူး” ပြောသည်။ 

 

နမ့်စန် မြို့မိ/မြို့ဖတစ်ဦးက ပြည်သူ့စစ်တပ်ဖွဲ့ကို အင်အားဖြည့်ပေးဆိုတာဟာ မြို့အတွင်း ဆန္ဒပြလူထုကို နှိမ်နှင်းရန်နှင့် တခြားတော်လှန်ရေးတိုက်ပွဲဆင်နွဲနေတဲ့ တိုင်းရင်းသားတပ်တွေကို အင်အားဖြည့်တိုက်ခိုက်ရန်ဖြစ်သည့်အတွက် လက်အောက်ငယ်သားတွေကို မစေလွှတ်ရန်၊ လူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်အုပ်စုကို မထောက်ခံဖို့ တောင်းဆိုထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...