ဖရူဆိုမြို့ပေါ်တွင် သပိတ်ပါဝင်သူများ၏နေအိမ်များကို စစ်တပ်နှင့်ရဲ ဝင်ရောက်ရှာဖွေ

ဖရူဆိုမြို့ပေါ်တွင် သပိတ်ပါဝင်သူများ၏နေအိမ်များကို စစ်တပ်နှင့်ရဲ ဝင်ရောက်ရှာဖွေ
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ်၊ ဖရူဆိုမြို့ပေါ်ရှိ ဖရူဆိုမြို့နယ်သပိတ်တွင် ပါဝင်သူအချို့၏ နေအိမ်များကို စစ်တပ်နှင့်ရဲ အင်အားအများအပြား ဝင်ရောက်ရှာဖွေမှု ဧပြီ ၂၀ ရက်က ပြုလုပ်ခဲ့ကြောင်း ဒေသခံပြောကြားချက်အရ သိရသည်။

 

အဆိုပါတပ်ဖွဲ့ဝင်များသည် ဧပြီလ ၂၀ ရက် ညအချိန်တွင် မြို့အဝင်၌ကာထားသည့် ခြံစည်းရိုးများကို ဖျက်ဆီးဝင်ရောက်ခဲ့ပြီး သပိတ်၌ပါဝင်သူ ၃ ဦး၏နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။

 

နေအိမ်ပေါ်ထိ ဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့သလို သပိတ်ပါဝင်သူများက နေအိမ်တွင်မရှိသည့်အတွက် ၎င်းတို့ပြန်ရောက်ပါက အကြောင်းကြားပေးရန်မှာခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

 

ယခုကဲ့သို့ စစ်တပ်မှ အင်အားအများအပြားဖြင့် ဝင်ရောက်ရှာဖွေမှုပြုလုပ်သည့်အတွက် စိုးရိမ်မှုရှိကြောင်း ရှောင်တိမ်းသွားသည့် လူငယ်တစ်ဦးက ပြောသည်။

 

”စိုးရိမ်တယ်ဆိုတာက တော်တော်လေးကို စိုးရိမ်ရတယ်ပေါ့နော်။ ကျွန်တော်တို့ကို သူတို့ဖမ်းသွားမယ်ဆိုရင် ဖမ်းသွားရုံနဲ့မပြီးဘူးလေ။ ရိုက်ခတ်တာတွေရှိတယ်ပေါ့နော။ အဲ့ဒါကြောင့် ကျနော်တို့ တော်တော်လေးစိုးရိမ်နေရပါတယ်။ လက်ရှိ ဖရူဆိုမြို့ပေါ်ကို ပြန်ဝင်ဖို့အတွက်  တော်တော်လေး အခက်အခဲတွေရှိနေတယ်ပေါ့နော်” ဟု ၎င်းကပြောသည်။

 

စစ်အာဏာရှင်စနစ် ဆန့်ကျင့်လုပ်ရှားသည့်သပိတ်၌ ကြွေးကြော်သံများ ဦးဆောင်ကြွေးကြော်ပေးသူများကို အဓိက ရှာဖွေနေခြင်းဖြစ်ပြီး ရပ်ကွက်အတွင်း အရပ်ဝတ်များဖြင့် စောင့်ကြည့်မှုတွေရှိကြောင်း ဒေသခံများက ပြောသည်။

 

လတ်တလော၌ ဖရူဆိုမြို့ရှိ ရပ်ကွက်အချို့တွင် လုံခြုံရေးထားသည့် အကာအကွယ် ခြံစည်းရိုးများကို လိုက်လံဖျက်းစီးခဲ့ကြောင်း သိရသည်။ 

 

ဧပြီ ၂၁ ရက် နံနက်ပိုင်း လွိုင်ကော်မြို့၌ ပြုလုပ်ခဲ့သော အာရုဏ်ဦးသပိတ်တွင် စစ်တပ်က လာရောက်ဖြိုခွင်းသောကြောင့် အမျိုးသားတစ်ဦးသည် အနီးရှိ ဘီလူးချောင်းအတွင်း ခုန်ချထွက်ပြေးခဲ့ပြီး ပြည်သူအချို့၏ပြောကြားချက်အရ သေနတ်ထိမှန်ခဲ့ကြောင်းနှင့် လက်ရှိအချိန်ထိ အဆိုပါ အမျိုးသားကို ရှာမတွေ့သေးပေ။

 

စစ်အာဏာရှင်စနစ် ဆန့်ကျင်လုပ်ရှားသည့်သပိတ်ကို လက်ရှိအချိန်ထိ ကယားပြည်နယ် နေရာအနှံ့အပြားတွင် အရှိန်မပြတ်လုပ်ရှားနေကြပြီး စစ်တပ်က လာရောက်ဖြိုခွင်းမှု၊ ဖမ်းဆီးခံရမှုများလည်း ကြုံတွေ့ရလျက်ရှိသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...