ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံထားရသူလေးဦးအား အာမခံဖြင့် လွှတ်ပေးထားကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရသည့် ဦးခင်မောင်၊ ကိုရန်ပိုင်ထွေး၊ ကိုအောင်ခိုင်မြင့်၊ မမြဝင်း တို့လေးဦးသည် ပြီးခဲ့သော မတ် ၁၈ ရက်ကတည်းက အာမခံဖြင့် ပြန်လွှတ်လာခြင်းဖြစ်ပြီး ယင်းသို့ အာမခံရရှိခြင်းမှာ ဘေးစီမံပုဒ်မ ၂၅ ဖြင့် စွဲထားရာမှ ဘေးစီမံပုဒ်မ ၃၀ သို့ ပြန်လည်ပြောင်းစွဲခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းအမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးသော်စင်ထွန်းက ပြောသည်။
“သူတို့ကို အာမခံပေးထားတယ်။ သူတို့ကို သဘာဝဘေးစီမံ ၂၅ နဲ့ တရားစွဲတယ်။ တရားလိုဖက်က သက်သေတွေကို စစ်လိုက်တော့ သက်သေတွေစုံတဲ့အခါ တရားသူကြီးက သူတို့ကို စွဲချက်တင်တယ်။ စွဲချက်တင်တဲ့အခါ သဘာဝဘေးစီမံ ပုဒ်မ ၂၅ ကနေပြီးတော့ ပုဒ်မ ၃၀ ကို ပြောင်းပြီးတော့ စွဲချက်တင်တယ်။ ၃၀ ကိုပြောင်းတော့ ပုဒ်မ ၃၀ က အာမခံရတဲ့ပုဒ်မလေ။ အဲဒါနဲ့ အာမခံပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။
၄င်းတို့ လေးဦးအား လာမည့် ဧပြီလ ၂၃ ရက်နေ့သို့ ရုံးထပ်မံချိန်းထားကြောင်း သိရသည်။
၄င်းတို့သည် ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က သံတွဲမြို့၊ မာဃလမ်းတွင် အထိုင်သပိတ်ပြုလုပ်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး၊ ဦးခင်မောင်မှာ ၄င်းတို့ဖမ်းဆီးခံရပြီးနောက် သွားရောက်ကြည့်ရှုစဉ် ဆန္ဒပြသူများနှင့်ရောနှောသွားကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ လေးဦးအား ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့ဖြင့် ပြီးခဲ့သော မတ် ၁ ရက်က တရားစွဲခံခဲ့ရခြင်းဖြစ်သည်။
၎င်းတို့ကိုစွဲဆိုသော အမှုနှစ်ခုထဲမှ ငြိမ်းစုစီဥပဒေပုဒ်မကို မြို့နယ်ရဲမှူး သန်းလွင်က တရားလိုလုပ် စွဲဆိုခြင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းအောင်က တရားလိုလုပ်ပြီး စွဲဆိုခြင်းဖြစ်သည်ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးသော်ဇင်ထွဋ်က ပြောသည်။