CRPH က ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းကြောင်း ဧပြီ ၁၆ ရက်က တရားဝင် ထုတ်ပြန်ကြောညာခဲ့သည့်အပေါ် ပြည်သူများ၊ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအသီးသီးက ထောက်ခံကြိုဆိုခဲ့ကြသည်။
အဖက်ဖက်မှ ကြိုဆိုထောက်ခံနေကြသည့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် တိုင်းရင်းသားလူမျိုးစုများ လိုလားနေကြသည့် အစိုးရ သို့မဟုတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်သွားနေသည့် အစိုးရပုံစံမျိုးဖြစ်နေပြီလား။ ကြားကာလအစိုးရ NUG စုဖွဲ့မှုအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ၊ တိုင်းရင်းသားပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်းမှ တာဝန်ရှိသူများ၏ သဘောထားများကို စုစည်းမေးမြန်းထားသည်။
နိုင်ဗညားမွန် - ဒါရိုက်တာ (ဖက်ဒရယ်ရေးရာနှင့် ပေါ်လစီစင်တာ)
“အခု ကျွန်တော်တို့တွေ့နေရတဲ့ အခင်းအကျင်းက အခုအမျိုးသားညီညွတ်ရေးအစိုးရက အားလုံးပါဝင်နိုင်တဲ့ မူအပေါ်မှာ အခြေခံပြီးတော့ ဖွဲ့ထားတယ်လို့ ကျွန်တော်တို့ နားလည်ရတယ်။ အဲတော့ လက်ရှိအနေအထားမှာကျတော့ တိုင်းရင်း သားတွေအားလုံး နောက်ပြီးတော့ ဒီမိုကရက် တစ်တွေအားလုံး အလုံးစုံမပါဝင်နိုင်သေးသော်လည်းပဲ ကျွန်တော်ထင်တာတော့ ပါဝင်နိုင်ဖို့အတွက် ကြိုးစားနေတဲ့ အနေအထားမျိုးဖြစ်တယ်။ နောက်ပြီးတော့ လမ်းဖွင့်ပေးထားတဲ့ အနေအထားမျိုး ဖြစ်တဲ့အခါကြတော့ ဒါက ပိုမိုပြီးပြည့်စုံတဲ့ အစိုးရမျိုးဖြစ်တယ်လို့ ကျနော်တို့ ပြောလို့ရသလို ဒီအနာဂတ်ပြည်ထောင်စု တည်ဆောက်ရေးမှာ တကယ်တမ်း တိုင်းရင်းသားတွေအားလုံးပေါ့လေ စုစည်းညီညွတ်တဲ့အစိုးရ အဲလို ပုံ ပေါ်လာလိမ့်မယ်လို့ ကျွန်တော်နားလည်ပါတယ်။ အဲ့လိုပဲ မြင်ပါတယ်”
ပဒိုမန်းမန်း - ပြောရေးဆိုခွင့်ရှိသူ - ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်
“လားရာတစ်ခုကိုတော့ ဦးတည်နေတယ်လို့ပဲ ကျွန်တော်တို့ အဲလိုပြောရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့ လားရာတစ်ခုကို ဦးတည်သလဲဆိုတော့ ဖက်ဒရယ် ပဋိညာဉ်အောက်မှာရှိတဲ့ အခြေခံအချက်တွေက ဒါ ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံမူ လမ်းညွှန်ချက်တွေပဲ အဲဒီ ပဋိညာဉ်အတိုင်းကို ဆက်ပြီးတော့ အကောင်အထည်ဖော်သွားမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးပန်းတိုင်ကိုတော့ ရောက်မှာဖြစ်တယ်။ ဒါကြောင့်မို့ ဒီအပေါ်မှာ ထောက်ခံကြိုဆိုခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့က ပြောမယ်ဆိုရင်တော့ အစိုးရတစ်ရပ်ဆိုပေမယ့်လည်း တောလှန်ရေးသဏ္ဍာန်မျိုးကာလလည်း ဖြစ်နေပါသေးတယ်။ တကယ်တမ်းမှာ လွတ်လွတ်လပ်လပ်နဲ့ အကောင်အထည်ဖော်ရတယ်လို့ အစိုးရ Institution မဟုတ်ဘူးပေါ့နော။ တစ်ဖက်ကလည်းပဲ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေ ဖြိုခွင်းမှုတွေလည်းရှိတဲ့အခါကျတော့ ဒီအမျိုးသားညီညွှတ်ရေးအစိုးရအနေနဲ့ကတော့ သူ့အတွက် အကန့်အသတ်တွေ အများကြီးရှိတယ်လေ။ ဒါကြောင့်မို့ အမျိုးသားညီညွတ်ရေး အစိုးရ တစ်ခုတည်းတော့ ပြည့်စုံမှာမဟုတ်ဘူး။ ထို့အတွက်ကြောင့် ကျွန်တော်တို့ ဒီ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရော နောက်ပြီးတော့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေပေါ့။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကလည်း ပူးပေါင်းပါဝင်ဖို့လည်း လိုပါသေးတယ်”
ဦးကွမ်ဂေါင်အောင်ခမ်း - ကချင်ဒီမိုကရက်တစ်ပါတီ KDP ဥက္ကဋ္ဌဟောင်း
“CRPH ကနေ ဖွဲ့စည်းတဲ့ အတိုင်းအတာမျိုးလို့ မြင်ပါတယ်။ ဒီမှာက အားလုံး ပါဝင်သလောက်လည်း ပါဝင်နေတာပေါ့။ ကျန်တဲ့ ပြည်နယ်တွေလည်း ပါဝင်ဖို့တော့ လိုတာပေါ့။ တစ်ခုရှိတာကတော့ ကျွန်တော်တို့ CRPH ကို ဘာမှ ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ် ဆိုတဲ့ဟာမျိုးတော့ ပြည်သူလူထု အနေနဲ့လည်း သိပ်မပြောရင်တော့ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူလုပ်သင့်တဲ့ဟာတွေ သူတို့အနေနဲ့ သူတို့လုပ်တဲ့ဟာလို့ပဲ ကျနော်မြင်ပါတယ်။ ကောင်းတယ် မကောင်းဘူးဆိုတာက အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာက အလုပ်ပေါ်မှာပဲ မူတည်ပြီးမှ သွားလိမ့်မယ်လို့ ကျွန်တော်က ဒီလိုပဲ မြင်ပါတယ်။ဒါပမေယ့် ဒီဟာတော့ သူတို့အနေနဲ့လည်း အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ လုပ်နေတယ်လို့လည်း မြင်ပါတယ်။ ဖက်ဒရယ် နိုင်ငံတစ်ခု သွားမယ်ဆိုတာကတော့ အားလုံးပါဝင်ဖို့လိုလိမ့်မယ်။ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ သွားဖို့တော့လိုလိမ့်မယ်။ အခုအခြေအနေမျိုးကျတော့ ဖက်ဒရယ်အစိုးရဆိုတာထက် ဗဟိုအစိုးရ တစ်ခုပုံစံမျိုးနဲ့ပဲ ကျွန်တော်က ဒီလိုပဲမြင်ပါတယ်”
ခူးသဲရယ် (အထွေထွေအတွင်းရေးမှူး - ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP)
“ဒါကတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဦးတည်သွားဖို့အတွက် ဒါက နည်းနည်းလေး ပုံပေါ်လာတယ်လို့ ကျွန်တော်တို့ မြင်တာပေါ့နော။ ဒါပေမယ့် တကယ် လက်တွေ့အကောင်အထည်ဖော်တဲ့အခါကျလို့ရှိရင်တော့ ဘယ်လိုလာအုံးမလဲဆိုတာကတော့ ကျွန်တော်တို့ မသိနိုင်သေးဘူး။ သို့ပေမယ့် ဒီလိုလက်ခံပေးတယ် ဒီလိုပုံစံမျိုးနဲ့ သွားတယ်ဆိုတာကတော့ ကျွန်တော်တို့အတွက် လက်ခံစရာ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော် တို့ အရင်က အစောပိုင်းကတည်းက ကျွန်တော်ပြောသလိုမျိုးပဲ အရင်ကတည်းကိုက ဒီအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဖို့လိုအပ်တယ် ဆိုတာကလည်း ကျနော်တို့တိုင်းရင်းသားပါတီက ကျနော်တို့ အဆိုပြုခဲ့တဲ့ ကိစ္စတစ်ခုဖြစ်တဲ့အတွက်ပေါ့နော်။ ဒါကတော့ ကောင်းတဲ့လက္ခာဏာတစ်ခုလို့ ကျွန်တော်တို့ ဆိုလို့ရပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့ဆိုပြီးတော့မှ အမျိုးမျိုး နည်းလမ်း ရှာခဲ့ကြတယ်။ အဲမှာ ပဋိညာဉ်နဲ့ ပတ်သက်တဲ့ ဟာတွေလည်း ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်းကြားတွေမှာလည်း ချုပ်ဆိုခဲ့တဲ့ ကိစ္စရပ်တွေလည်းရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ပင်လုံစာချုပ်ဟာမျိုးတွေ နောက်ပြီးတော့မှ ၈၈ ပတ်ဝန်းကျင်တုန်းက ဆိုရင်လည်း စာချုပ်ဆိုတဲ့ဟာမျိုးတွေ ဖြစ်လာခဲ့တာ အခုကလည်း ဒါ ၂၀၂၁ ပဋိညာဉ်စာချုပ်ဆိုပြီးတော့မှ ဒါဖြစ်လာဖို့အတွက်ကို စဉ်းစားခဲ့ကြတာပေါ့နော်။ ဆိုတော့ ဒီလိုဆောင်ရွက်တဲ့ ကိစ္စရပ်တွေကတော့ ဒါစာရွက်ပေါ်မှာပဲ မရှိစေချင်ဘူး။ တကယ် လက်တွေ့အကောင်အထည်ဖော်ပြီးမှ ဆောင်ရွက်ဖို့ လိုအပ်တာပေါ့နော။ ဆိုတော့ ကျနော်တို့က အစိုးရဖွဲ့မယ် နိုင်ငံရေးကို နိုင်ငံရေးပြဿနာကို ဖြေရှင်းမယ်လို့ ပြောတဲ့နေရာမှာကတော့ လက်တွေ့ကျဖို့လိုတယ်လို့ပဲ ကျွန်တော်ကတော့ ပြောချင်ပါတယ်”