ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ လက်နက်ကြီးများပစ်ခတ်ကာ စစ်ကြောင်းများတိုးချဲ့လာခြင်းကြောင့် ကျေးရွာအသီးသီးမှ ဒေသခံပြည်သူများ မိုးမောက်မြို့ရှိ KBC ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်း၀င်းသို့ ထွက်ပြေးတိမ်ရှောင်ခိုလှုံလာကြောင်း သိရသည်။
မြို့သစ်၊ ကုန်းလော၊ နွမ်လန့် (Num Lang) ကျေးရွာများမှ ပြည်သူများသည် ဧပြီလ ၁၄ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ပြီး ဧပြီလ ၁၅ ရက်နေ့အထိ အမျိုးသား ၁၁၄ ဦး အမျိုးသမီး ၁၅၄ ဦး လူဦးရေစုစုပေါင်း ၂၇၁ ဦး ရောက်ရှိနေပြီးဖြစ်သည်။
လက်ရှိတွင် ၎င်းစစ်ရှောင်လာသူများအတွက် နေရာထိုင်ခင်းများ ချမှတ်ပေးနိုင်သော်လည်း စာနပ်ရိက္ခာများလိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများကို ကူညီပေးနေသည့် ဆရာတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
"ခက်ခဲမှုတွေက သူတို့လည်း တစ်ခါတည်း ရောက်ရှိလာတာဖြစ်တဲ့အတွက်ကြောင့် အစားအသောက်က ခက်ခဲတယ်၊ မနေ့ညနေနဲ့ အခုမနက်က အားလုံးစုပေါင်းပြီး ချက်စားကြတယ်၊ ဒီညနေကနေတော့ သူတို့ဘာသာသူတို့ ချက်စားနိုင်ဖို့ အိုးခွက်တွေပြင်ဆင်ပေးမှာဖြစ်တယ်" ဟုပြောသည်။
ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီများနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က နေရာဒေသအသီးသီးတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။