ပူတာအိုခရိုင် ရှေ့တန်းစစ်မျက်နှာများတွင် အာဏာသိမ်းစစ်တပ်က အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ဒေသခံများက ပြောဆိုသည်။
ဧပြီလ ၁၃ ရက်နေ့ ဆွမ်ပရာဘွမ်နှင့် ပူတာအိုမြို့နယ်ကြားရှိ အင်ဆိုင်းယာန်နဲ့ ဆွမ်ပီယာန်ကြား၊ ခင်ဒူယာန်နဲ့ ဖုန်ကျန်းကျေးရွာ စသော နေရာ ၂ ခုတွင် တိုက်ပွဲဖြစ်ပွားရာ၌ အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများခဲ့ပြီးနောက် ယခုလို ပြုလုပ်လာခြင်းဖြစ်သည်ဟုဆိုသည်။
"စစ်သားတွေက ပြည်သူတွေကို ကာဗာယူပြီး ရှေ့ကသွားခိုင်းတယ်။ ပြီးရင် သူတို့က နောက်ကလိုက်တယ်။ အဲ့လိုလုပ်တော့ KIA အဖွဲ့က ပြန်တိုက်ရခက်သွားတယ်လို့သိရတယ်" ဟု ပူတာအိုမှ ပြည်သူတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောသည်။
ဒေသခံများကိုဖမ်းဆီးပြီး ရှေ့မှသွားခိုင်းကာ စစ်သားများက နောက်မှလိုက်ခြင်းနှင့် စစ်တပ်ဘက် သေဆုံးသွားသော စစ်သားအလောင်းများကိုလည်း သယ်ခိုင်းကြောင်း သိရသည်။
ထိုအထဲတွင် အသက်မပြည့်သော လူငယ်များကိုပင် ဖမ်းဆီးအသုံးပြုနေကြောင်း သိရသည်။
ထို့ပြင် ဧပြီလ ၁၄ ရက်နေ့ ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာအထွက် ဝါဒတ်ယာန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ် စစ်အင်အား ၅၀ ခန့်က မြစ်ကြီးနားမှတက်လာသော ခရီးသည်များအား အကာအကွယ်ယူကာ ပူတာအိုအထိ တက်လာခဲ့သည်ဟု ခရီးသည်တစ်ဦးက ပြောသည်။
"စစ်သားတွေက ဘယ်ဘက်ကနေ တက်လာမှန်းတော့မသိရဘူး။ သူတို့နဲ့တွေ့တာက ဝဒတ်ယာန်ကျေးရွာမှာ ဟုတ်တယ်။ အဲ့မှာရောက်တော့ ခရီးသည်တွေကိုလည်း မဖြတ်ခိုင်းဘူး။ ကျနော်တို့ကို ရှေ့ကနေသွားခိုင်းပြီး သူတို့က နောက်ကနေလိုက်လာကြတယ်။ ပြီးရင် သူတို့စီးတာက စစ်ကားလည်းမဟုတ်ဘူး။ ဆောက်လုပ်ရေးကား ဟုတ်တယ်။ အတင်းအဓ္ဓမလုပ်ခိုင်းတာမျိုးတော့မရှိဘူး။ သူတို့ကိုကြည့်ရတာ တော်တော်ကြောက်နေတဲ့ပုံဘဲ။ လမ်းသွားရင်းနဲ့ သေနတ်တွေလည်းဖောက်တယ်" ဟု ပြောဆိုသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် ပြည်သူများကို ရှေ့တန်းလူသားဒိုင်းအဖြစ် အသုံးပြုခေါ်ဆောင်မှုများ ပြုလုပ်ခဲ့သောကြောင့် ဆွမ်ပရာဘွမ်ဒေသခံတစ်ချို့ ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။