ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ ကမ္ဘောဇဘဏ် (၂) ရှေ့တွင် ယမန်နေ့ည ၈း၃၀ အချိန်က အရေးပေါ်လူနာအတွက် အောက်ဆီဂျင်ပို့ပေးသည့် ပြည်သူတစ်ဦးအား အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ဝမ်းဗိုက်တွင်ထိမှန်ပြီး စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု သိရသည်။
“သူ့သူငယ်ချင်းရဲ့အမေက မန္တလေးကိုဆင်းပြီးမှ ဆေးသွားကုရမှာ၊ အောက်ဆီဂျင်ဗူးက မပါလို့မဖြစ်ဘူး၊ ယူထားတာတော့ရှိတယ်၊ ဒါပေမယ့် မလောက်မှာဆိုးလို့ လမ်းမှာ ပျက်သွားမှာကြောင့်လို့ အပိုဆောင်အနေနဲ့ အောက်ဆီဂျင်ဗူးကို သွားယူပြီး အိမ်ကိုပို့ပြီးတော့ အပြန်မှာဖြစ်သွားတာ၊ တာဟန်း KBZ ဘဏ် (၂) နားမှာ၊ သူ့သူငယ်ချင်းအိမ်က အဲ့နားမှာမို့လို့၊ အခု အခြေအနေတော့ ကောင်းပါတယ်၊ စစ်တပ်ဆေးရုံမှာ” ဟု ပစ်ခတ်ခံရသူ၏အကိုက ပြောသည်။
သေနတ်အပစ်ခံရသူမှာ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ (၂) တွင်နေထိုင်သော ကိုအောင်မြင့်ဆွေဖြစ်ပြီး သေနတ်ပစ်ခံရခြင်းကြောင့် ဝမ်းဗိုက် ညာဖက်ခြမ်း အစာအိိမ်နားကိုထိထားပြီး စကားပြောဆိုနိုင်ပေမယ့် ရေသောက်ရန်နှင့် အစာစားရန်အတွက် အခက်အခဲဖြစ်ပြီး စိုးရိမ်ရသည့်အခြေအနေတော့မရှိကြောင်း ၎င်းကဆက်ပြောသည်။
ယနေ့မနက်တွင် ကိုအောင်မြင့်ဆွေကိုပြုစုရန်အတွက် မိခင်ဖြစ်သူကို ဆေးရုံတွင်ပို့ထားပြီး၊ မိသားစုဝင်များနှင့်လည်း တွေခွင့်ရသည်ဟု သိရသည်။