အာဏာသိမ်းစစ်ကောင်စီမှ မြန်မာ့နှစ်ကူးသင်္ကြန်ပွဲတော်အား အုန်းလက်မဏ္ဍပ်ထိုး၍ ရေကစားခွင့်ပြုထားသော်လည်း ကရင်ပြည်နယ် မြဝတီမြို့ရှိ လမ်းသွယ်များတွင် ကလေးသူငယ်တစ်ချို့မှလွဲ၍ တစ်မြို့လုံးနီးပါး ရေပက်ခံသူ ရေကစားသူများ မရှိသလောက်နည်းပါးကြောင်း တွေ့ရသည်။
ယခင်က သင်္ကြန်အခါသမယများတွင် တိုးမပေါက်အောင်စည်ကားခဲ့သော ဘုရင့်နောင်လမ်းမကြီးနှင့် ကြံခင်းလမ်းတလျှောက်တွင်
ယနေ့ ဧပြီလ ၁၄ ရက် မဟာသင်္ကြန်အကျနေ့၌ ရေပက်ခံသူ ရေကစားသူများမရှိဘဲ ခြောက်သွေ့လျက်ရှိနေသည်။
"စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းမှာ ဆန့်ကျင်ဆန္ဒပြတဲ့ပြည်သူတွေကို ပစ်သတ်ခဲ့တာ အခုဆိုရင် သေဆုံးသူ လူ ၇၀၀ ကျော်သွားပြီး။ ဒီလို ပြည်သူတွေ သေနေတဲ့အချိန် ယခုလိုသင်္ကြန်ပွဲမှာ ဘယ်လိုစိတ်မျိုးနဲ့မှ မပျော်ရွှင်နိုင်ပါ" ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။
၎င်းအပြင် အာဏာသိမ်းစစ်ကောင်စီလက်ထက် ကျင်းပသည့် သင်္ကြန်ပွဲတော်အား ပါဝင်ဆင်နွှဲခြင်းမပြုကြရန် မြဝတီမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး Gen. Z လူငယ်များက လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြည်သူလူထုသို့ တိုက်တွန်းနှိုးဆော်ထားသည်။