ဖက်ဒရယ်တပ်မတော် တကယ်ဖြစ်လာမှာလား အပိုင်း(၁)

ဖက်ဒရယ်တပ်မတော် တကယ်ဖြစ်လာမှာလား အပိုင်း(၁)

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းနိုင်ရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းလာရာ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များဖြစ်ဆွေးနွေးလျက်ရှိနေသည်။

NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)က ၂၀၂၁ ခုနှစ်၊ ဧပြီ ၄ ရက်က CRPH ကို ကြိုဆိုကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကြေညာစာတမ်းကို ကြိုဆိုကြောင်းနှင့် ၂၀၀၈ ဖျက်သိမ်းကြောင်း ကြေညာခြင်းကို ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် PPST ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကို မွန်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းခဲ့သည်ကို အပိုင်း(၁) နှင့် အပိုင်း(၂) ခွဲ၍ တင်ပြသွားပါမည်။

မေး - ပထမဦးဆုံးပေါ့လေဆရာ ကျနော်တို့မေးချင်တာက CRPH က ဖက်ဒရယ်ဒီမိုကရေစီနဲ့ပဋိဉာဉ်ပတ်သက်ပြီး ထုတ်ပြန်ထားတာရှိတယ်ပေါ့နော် အဲဒီမှာ EAOs တွေက လက်မှတ်ထိုးထားတယ်၊ဆိုလည်းပြောကြတယ်ပေါ့လေ၊ EAOs တွေပါဝင်ပြီးတော့မှ ဒါတွေကို ရေးဆွဲတယ်လို့ပြောကြတယ်၊ ဆိုတော့ ဘယ်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေက တရားဝင် လက်မှတ်ထိုးထားတာရှိပါလဲဗျ၊ အဲဒါလေး ပထမဆုံးသိချင်ပါတယ်။

ဖြေ- ဟုတ်ကဲ့ CRPH ကနေထုတ်ပြန်လိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ စာတမ်းလို့ခေါ်တဲ့၊ Charter နဲ့ပတ်သက်ပြီးတော့၊ ကျနော်နားလည်သလောက်ကတော့ CRPH အနေနဲ့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော၊ ရွေးကောက်ပွဲအရ သူတို့ထုတ်ပြန်ကြေညာတာဖြစ်တယ်လို့ ကျနော်အဲလိုနားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖက်ဒရယ် Charter ကို ရေးဆွဲတဲ့ Process မှာ ကျနော်လည်း PPST ရဲ့ တာဝန်ပေးအပ်မှုအရ ပါဝင်ဖြစ်ခဲ့တယ်၊ ဆိုတော့ အဲလိုပါဝင်ခဲ့တဲ့အတွက် ကျနော်အဲဒီ Process အားလုံးကို နားလည်တယ်၊ ဆိုတော့အဲဒီ အစည်းအဝေးမှာ ကျနော်တို့တိုင်ပင်တဲ့အခါကျတော့ ပါဝင်တဲ့လူတွေ လက်မှတ်ထိုးဖို့လိုသလား မလိုဘူးလားဆိုတာ ကျနော်တို့ဆွေးနွေးခဲ့တယ်၊ ဆိုတော့ကျနော်တို့အားလုံးက သဘောတူထားတာက ဒါဟာ ၂၀၂၀ နိုင်ဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူလူထုကဏ္ဍနဲ့ ထုတ်ပြန်တာပိုသင့်တော်တယ်၊ ကျနော်တို့တစ်ဖွဲ့ချင်း လက်မှတ်ထိုးတာထက် CRPH အနေနဲ့ထုတ်ပြန်တာက ပိုအားကောင်းတယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ CRPH အနေနဲ့ထုတ်ပြန်ချက်ဖြစ်တယ်။ ထို့ကြောင့် လက်မှတ်ရေးထိုးခြင်းမလိုဘူးဆိုတာကို ပထမဆုံးကျနော် တင်ပြချင်တယ်။

ဒုတိယအနေနဲ့ CRPH က အဲဒီဖက်ဒရယ် Charter ထဲမှာ ဖော်ပြထားတဲ့အတိုင်း အစုအဖွဲ့ ၄ ခုကနေပြီးတော့ ပူးပေါင်းရေးဆွဲထားတယ်ဆိုတာမှန်ပါတယ်။ ကျနော်တို့တတွေပါပါတယ်၊ အဲဒီမှာ ဒီ Process ထဲမှာ PPST ကနေပြီးတော့ ခေါင်းဆောင် ၃ ဦး တာဝန်ပေးထားပါတယ်။ အဲဒီခေါင်းဆောင် ၃ ဦးထဲမှာ ကျနော်ပါပါတယ်။ ထို့အတွက်ကြောင့် အဲဒီဖက်ဒရယ် ပဋိဉာဉ်လို့ခေါ်တဲ့ Charter မှာ ကျနော်တို့ရေးဆွဲတဲ့ Process မှာ ကျနော်တို့ အားလုံး ပူးပေါင်းပြီးတော့ ပါတာဖြစ်တယ်၊ ပြီးတော့ PPST  အနေနဲ့ ပါတဲ့အဖွဲ့တွေရှိတယ် ပြီးတော့ တစ်ဖွဲ့ချင်းအနေနဲ့ပါလာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေလည်းရှိတယ်၊ NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေလည်းပါတယ်။  

လက်မှတ်မရေးထိုးတဲ့အဖွဲ့တွေလည်းပါတယ်၊ ထို့အတွက်ကြောင့် ဒီရေးဆွဲပြဋ္ဌန်းခြင်း Process မှာကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါတယ်လို့ ကျနော်ပြောချင်တယ်။

မေး - ဟုတ်ကဲ့ဆရာ ဒါဆိုရင် ဒီNCA လက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့အရဆိုရင် PPST mandate ပေးလိုက်တယ်ဆိုတော့ ၁၀ ဖွဲ့လုံးက ဒီပဋိဉာဉ်ကိုလက်ခံတယ်ဆိုတဲ့ သဘောလို့မှတ်ယူလို့ရသလားဗျ၊ နောက်တစ်ခုကကျတော့ လက်မှတ်မထိုးရတဲ့အဖွဲ့ဆိုတော့ ကျတော့  KIA လည်းပါတယ်လို့ကြားတယ်၊ KIA လည်းဒီဟာကို အပြည့်အဝထောက်ခံတယ်လို့ မှတ်ယူလို့ရလား ဘယ်လိုအခြေအနေရှိပါသလဲဗျ။

ဖြေ- ဟုတ်ကဲ့ ကျနော်တို့အနေနဲ့က PPST ကနေတာဝန်ယူတာဖြစ်တယ်၊ ထို့အတွက်ကြောင့်ပဲ မနေ့က(ဧပြီ ၄)  PPST အစည်းအဝေးမှာ ကျနော်တို့ ပြန်ပြီးတော့ တင်ပြတဲ့အခါကြတော့ ကျနော်တို့တွေလည်း ကြိုဆိုတယ် ထောက်ခံတယ် ဆိုတဲ့အဆင့်အထိ ဖြစ်သွားတာဖြစ်ပါတယ်၊ ပြီးတော့ ကျနော်နားလည်တာက အဲ့ဒီ Process မှာပါတဲ့အဖွဲ့တွေအသီးသီးအနေနဲ့လည်းပဲ  အခုကျတော်တို့ ဖက်ဒရယ် Charter လို့ခေါ်တဲ့အချက်တွေကို ကျနော်တို့ကြည့်မယ်ဆိုရင် နံပါတ် (၁) က အဲဒီမှအရေးကြီးတာက သူတို့လုပ်ချင်တဲ့ နိုင်ငံရေးလမ်းပြမြေပုံပါတယ်၊ ပြီးတော့နိုင်ငံရေး အခြေခံလမ်းညွှန်မူ ၅ ချက်ပါတယ်၊ အဲဒီအခြေခံလမ်းညွှန်မူ ၅ ချက်က ကျနော်တို့ကြည့်မယ်ဆိုရင်၊ ကျနော်တို့တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာတောင်းဆိုခဲ့တဲ့ ဒီမိုကရေစီအခြေခံမူနဲ့ ဖက်ဒရယ်အခြေခံမူတွေကို ထင်ထင်ရှားရှား ပေါ်လွင်စေခဲ့တယ်၊ အဲဒီလမ်းညွှန်မူ ၅ ချက်အပြင် အခြေခံမူ ၃၇ ချက်ပါတယ်၊ အဲဒီ ၃၇ ချက်ကို ကျနော်တို့ကြည့်မယ်ဆိုရင် ကျနော်တို့တိုင်းရင်းသားတွေက ဖက်ဒရယ်ကို တစိုက်မတ်မတ်တောင်းဆိုခဲ့တာ ၁၉၆၁- ၆၂ ကတည်းကထင်တယ်၊ ဆိုတော့ အဲဒီကာလကတည်းက “ရှမ်းမူ”လို့ ကျနော်တို့ထုတ်ပြန်ခဲ့တယ်၊ ဖက်ဒရယ်အခြေခံမူရဲ့ အနှစ်သာရဖြစ်တယ်၊  အခု CRPH ကထုတ်ပြန်တဲ့ ဖက်ဒရယ် Charter ထဲမှာပါတယ်၊ ပြီးတော့ကျနော်တို့ ၈၈၈၈ အရေးတော်ပုံပြီးနောက်ပိုင်းမှာ ကျနော်တို့  ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်လို့ခေါ်တဲ့UNLD ကနေပြီးတော့ စုစည်းလိုက်တဲ့ဖက်ဒရယ်အခြေခံမူရဲ့ အနှစ်သာရတွေလည်းပါတယ်၊ ပြီးတော့ ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ သဘောတူလက်မှတ်ရေးထိုးထားတဲ့ ၁၉၉၀ ခုနှစ် မာနယ်ပလော သဘောတူစာချုပ် ရဲ့အနှစ်သာရတွေလည်းပါတယ်၊ နောက်ပိုင်း မယ်သရောထ သဘောတူစာချုပ်၊ လောခီးလာ သဘောတူစာချုပ်၊ လိုင်ဇာ သဘောတူစာချုပ် စတဲ့သဘောတူစာချုပ်အသီးသီးရဲ့ အနှစ်သာရတွေပါတယ်၊ ပြီးတော ၂၀၀၅ မှာကျနော်တို့ ဒီမိုကရေစီအင်အားစုများနဲ့ ကျနော်တို့တိုင်းရင်းသားအဖွဲ့အစည်းအသီးသီး၊ လက်နက်ကိုင် တော်လှန်ရေးအပါအဝင်ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့၊ဖက်ဒရယ်လမ်းညွှန်မူ အခြေခံ ၈ ချက်ဆိုတဲ့ အချက်လေးတွေပါတယ်။ ပြီးတော့အဲဒီအခြေခံမူကနေ ကျနော်တို့ပြုစုလိုက်တဲ့ FCDCC ရဲ့ အခြေခံမူတွေအားလုံးလည်းပါတယ်၊ပြီးတော့ ကျနော်တို့  PPST ကနေပြီးတော့ ပြင်ဆင်လိုက်တဲ့ အခြေခံမူတွေအားလုံးလည်း အဲဒီမှာ အနှစ်သာရအားဖြင့် အားလုံးပါတယ်။

ထို့အတွက်ကြောင့်  ကျနော့်အမြင်မှာတော့ အခု CRPH ကထုတ်ပြန်လိုက်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်စာတမ်းဆိုတာ၊ ကျနော်တို့တိုင်းရင်းသားတွေ နှစ်ပေါင်း ၇၀ တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီအခြေခံမူ ဖက်ဒရယ်အခြေခံမူတွေကို ပေါ်ပေါ်လွင်လွင် ထင်းရှားစေနိုင်တယ်၊ အပြည့်အစုံမဟုတ်သော်လည်း ကျနော်တို့လိုချင်တဲ့ အနှစ်သာရတော့ အားလုံးပါတယ်၊ ထို့အတွက်ကြောင့် ကျနော်တို့ အနေနဲ့ကတော့လက်ခံတယ်၊ အပြည့်အဝ ထောက်ခံတယ်ဆိုတာကို ကျနော်ပြောချင်တယ်။

မေး- ဟုတ်ကဲ့ဆရာ ကျေးဇူးပါ၊ နောက်တစ်ခုတော့လေ တချို့တော့ကြားတာပေါ့လေ၊ ဆရာတို့ CNF ကတော့ ဒီပဋိဉာဉ်ကို အပြည့်အဝထောက်ခံတယ်လို့ ပြေသံကြားတယ်လေ၊ ဒါပေမယ့်လက်မှတ်ထိုးထားတယ်၊ တချို့သောအဖွဲ့ ဥပမာ KIA ဆိုရင် တချို့ကဆိုရင်မပါဘူး၊ အပြည့်အဝ မပါနိုင်ဘူး၊ သဘောတူညီမှုမရသေးဘူး ဆိုတဲ့အသံတွေလည်း ထွက်နေတယ်၊ အဲဒီဒါရော ဘယ်လိုအခြေအနေရှိလဲ၊ KIA ဒါကိုအပြည့်အဝထောက်ခံတယ်လို့လည်း မပြောဘူးဆိုတဲ့အသံတွေထွက်နေတယ်ဆိုတော့လေ ဘယ်လိုမျိုးကျနော်တို့နားလည်ရမလဲဗျ။

ဖြေ- ဟုတ်ကဲ့ အဲဒီမှာတချို့ရဲ့ တွေဝေမှုပေါ့နော်၊ အပြင်လူတွေကကြားတဲ့အခါကြတော့ တွေဝေမှုတွေရှိကောင်းရှိနိုင်တယ်၊ အဲဒီပဋိဉာဉ်စာတမ်းကိုကြည့်မယ်ဆိုရင်၊ အပိုင်း ၁ နဲ့ အပိုင်း ၂ ဆိုပြီးတော့ရှိတယ်၊ ဆိုတော့အပိုင်း ၁ ကတော့ ကျနော်တို့အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကြီးကိုထူထောင်တဲ့အခါမှာ ဘယ်လိုအခြေခံမူတွေနဲ့ ဘယ်လိုလမ်းညွှန်မူတွေနဲ့ ထူထောင်ကြမလဲဆိုတာကို အဲဒါအရေးကြီးတာပဲ၊ ကျနော်တို့အတွက်အဓိက အရေးကြီးတာက အပိုင်း ၁ ဖြစ်တယ်၊ ဆိုတော့အဲဒီအပိုင်း ၁ မှာ စောစောက ကျနော်ပြောသလို လမ်းညွှန်မူ ၅ ချက်နဲ့ အခြေခံမူ ၃၇ ချက်က ဘယ်သူမှမငြင်းဘူး၊ ကျနော်သိသလို တိုင်းရင်းသားအားလုံးက ဘယ်သူမှမငြင်းဘူး၊ ဆိုတော့အဲဒီအပေါ်မှာကျနော်တို့ အပြည့်အဝထောက်ခံတယ်၊ အပြည့်အဝ အားပေးတယ်ဆိုတာ ကျနော်တို့ပြောတာဖြစ်တယ်၊  

သို့သော်အပိုင်း ၂ ကတော့ CRPH အနေနဲ့ကတော့ ရှေ့ဆက်ဆောင်ရွက်ရမယ့် National Unity Government ဖွဲ့စည်းရေးကိစ္စ၊ National Unity Conservative Council ကိစ္စလို အတိုင်ပင်ခံကောင်စီဖွဲ့စည်းရေးကိစ္စတွေလိုဟာမျိုးဖြစ်နေတော့ အဲဒါလုပ်ငန်းသဘောဆောင်တယ်၊ အဲဒီလုပ်ငန်းသဘောကတော့ CRPH ကသူတို့သင့်တော်သလို၊ ပြုပြင်ပြောင်းလဲပြီးတော့ ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အတွက် ကျနော့အနေနဲ့ကတော့  သိပ်အရေးမကြီးဘူးလို့မြင်တယ် အရေးမကြီးတာမဟုတ်ဘူး၊ ကျနော်တို့အနေနဲ့ ထောက်ခံဖို့ မထောက်ခံဖို့ ဆိုတဲ့နေရာမှာ သိပ်ပြီးတော့ ဝိဝါဒ ကွဲပြားစရာအကြောင်းမရှိဘူးလို့ ကျနော်မြင်ပါတယ်။

တချို့တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း  အပိုင်း ၁ တော့အပြည့်အဝ ထောက်ခံတယ်၊ ဒါပေမယ့် အပိုင်း၂ ကိုတော့ လေ့လာရအုံးမယ် သုံးသပ်ရအုံးမယ် ဆိုတဲ့အသံတွေကျနော်တို့လည်းကြားနေရပါတယ်။ ကျနော့်အမြင်မှာတော့ အပိုင်း ၂ ကတော့ လတ်တလော CRPH ရဲ့လုပ်ငန်းနဲ့ပတ်သက်နေတာဖြစ်တဲ့အတွက် သူတို့အဆင်ပြေသလို ဆောင်ရွက်ပါစေ၊ ဒါကတော့ကျနော်တို့နဲ့ တိုက်ရိုက်ပတ်သက်တဲ့ကိစ္စ မဟုတ်သေးဘူးလို့ ကျနော်အဲဒီလိုပဲသုံးသပ်ပါတယ်။ ထို့အတွက်ကြောင့် ကျနော်အပြည့်အဝထောက်ခံတယ်ဆိုတဲ့အပိုင်းက --

မေး- နောက်တစ်ခုကဆရာ၊ အခုချိန် CRPH ရဲ့ပဋိဉာဉ်ထဲမှာပေါ့လေ ကျနော်တစ်ခုတွေ့မိတာ ထူးထူးခြားခြားက ဘာလဲဆိုတော့ ပြည်ထောင်စုကို အပ်နှင်းရမယ့် ဥပဒေနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးကို အပ်နှင်းရမယ့်ဥပဒေကို သီးခြားထားရမယ်ဆိုတာပါတယ်လေ  သို့သော်တချို့ဟာကတော့  ကြွင်းကျန်အာဏာဆိုတဲ့ဟာမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးကို အပ်နှင်းရမယ်ဆိုတာတစ်ချက်တွေ့မိတယ်ဗျ၊ အဲဒီဟာက ကြွင်းကျန်အာဏာကို ပြည်နယ်နဲ့တိုင်းဒေသကြီးမှာထားမယ်ဆိုတော့ စိုးရိမ်စရာတော့မရှိနိုင်ဘူးလားပေါ့၊ ဘယ်လိုမျိုးစဉ်းစားချက်တွေရှိလဲဆရာ

ဖြေ- ကြွင်းကျန်အာဏာဆိုတာက အမှန်အားဖြင့် ကျနော်တို့သိပ်ပြီးတော့ အန္တရာယ်ကြီးတဲ့ကိစ္စမဟုတ်ဘူးလို့ ကျနော်ကတော့မြင်တယ်၊ ကြွင်းကျန်အာဏာဆိုတာကတော့  အခုကျနော်တို့ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမယ်၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမယ်၊ ပြည်ထောင်စုရဲ့လုပ်ပိုင်ခွင့်ကို သတ်မှတ်မယ်၊ ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်ကိုသတ်မှတ်မယ်၊ ပြီးတော့ ပြည်ထောင်စုနဲ့ ပြည်နယ်ပူးတွဲဆောင်ရွက်မယ့် Concurrent Power ကို သတ်မှတ်မယ်၊ ဆိုတော့အဲဒီမှာကို တော်တော်လေးပြည့်စုံနေပြီ၊ ဒါပေမယ့် ဒီနေ့ဒီအချိန်မှာ ကျနော်တို့ ဥပဒေကို ပြလို့ပြရမှန်းမသိသေးတဲ့ကိစ္စပေါ့၊ နောက်နောင်မှာလူအားလုံး ပြဌာန်းဖို့လိုအပ်တဲ့ ဥပဒေရှိလာရင် အဲဒါက ဘယ်သူကလုပ်နိုင်သလဲဆိုတဲ့ကိစ္စပါပဲ၊ ဆိုတော့ အဲဒီမှာ ပြည်နယ်ဖက်က လုပ်ဖို့ပိုများတယ် ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုကိုစထူထောင်ကတည်းက ကျနော်တို့ ပူးပေါင်းဆောင်ရွက်မယ်၊ ပူးပေါင်းအုပ်ချုပ်မယ်၊ ပူးပေါင်းစီမံခန့်ခွဲမယ်ဆိုတဲ့ဟာတွေ ပါတာဖြစ်တဲ့အတွက် ကျနော်တို့ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမှာ အသေးစိတ် ရေးထားပြီးသားရှိရမယ်၊ ပြည်နယ်တွေကိုပေးတာလည်းရေးထားပြီးသားရှိရမယ်၊ ပြည်ထောင်စုနဲ့ပြည်နယ်ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စလည်းရေးထားပြီးသားရှိရမယ် ဆိုတော့ ကြွင်းကျန်တယ်ဆိုတာ ဒီနေ့ဒီအချိန်မှာ ကျနော်တို့ ရေးဖို့လိုအပ်မှန်းမသိလို့ နောက်နောင်မှာပေါ်လာလတ္တံ့သောကိစ္စ ပေါ်လာခဲ့ရင်ရှိသော်၊ ပြည်နယ်ကတိုင်ပင်လုပ်ရသလား ၊ ပြည်ထောင်စုကတိုင်ပင်လုပ်ရသလား ဆိုတော့အဲဒါမျိုးကတော့ များသောအားဖြင့်တော့ ပြည်နယ်ကိုပေးလိုက်တာ ပိုပြီးတော့သင့်တော်တယ်၊ နောက်နောင်မှာပေါ်လာတဲ့ကိစ္စမျိုးကတော့  ပြည်နယ်အရေးတွေပဲများတတ်တယ်၊ ထို့အတွက်ကြောင့် ဒါအန္တရာယ်မရှိဘူးလို့ ကျနော်တို့ပြောတာပဲဖြစ်တယ်။

မေး- ဟုတ်ကဲ့ဆရာ နောက်တစ်ခုက ဖြည့်စွက်မေးချင်တာက မမျှော်လင့်ဘဲစစ်လက်နက်ပစ္စည်းပဲ ဖြစ်ဖြစ် လုပ်ငန်းပိုင်းဆိုင်ရာပဲဖြစ်ဖြစ် အကောင်အထည်ဖော်ဖို့ကိစ္စတွေဖြစ်လာပြီဆိုရင်၊ ဒီကြွင်းကျန်အာဏာက ဗဟိုကမထိန်းထားဘဲနဲ့  ပြည်နယ်ကထိန်းထားမယ်ဆိုရင်  တစ်ပြည်နယ်နဲ့ တစ်ပြည်နယ်ကြားမှာရော သဟဇာတ ဖြစ်အောင် ထိန်းနိုင်ပါ့မလားပေါ့လေ၊ ဘယ်လိုပုံစံမျိုး အခက်အခဲတွေဖြစ်လာနိုင်ခြေမရှိဘူးလားပေါ့။

ဖြေ- ခုဏ ဆရာပြောတဲ့ဟာလိုမျိုးပေါ့နော်၊ စစ်လက်နက်ထုတ်ဝေရေးလိုဟာမျိုး ပြီးတော့ ပြည်ထောင်စုတစ်ခုလုံးအတိုင်းအတာနဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်ဆက်ဆံရေးကို နောက်နောင်မှာ ထိခိုက်အန္တရာယ်ပေးနိုင်တဲ့ ကိစ္စမျိုး ဒီလိုအရေးကြီးတဲ့ကိစ္စမျိုးကတော့ ကျနော်တို့ ပြည်ထောင်စုစနစ် ဖက်ဒရယ်စနစ်နဲ့သွားမယ်ဆိုရင်၊ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပြည်ထောင်စုရဲ့လုပ်ပိုင်ခွင့်ထဲမှာ ထည့်ထားပြီးသားဖြစ်ရမယ်၊ လုပ်ငန်းအနေနဲ့ မပေါ်သေးရင်တောင်မှ လုပ်ပိုင်ခွင့်ဘောင်ကတော့ ပြည်ထောင်စုထဲမှာပဲရှိရမယ်၊ ပြီးတော့ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်မှာတော့ ရှိထားပြီးသားကိုလည်း မည်ကဲ့သို့သောကဏ္ဍမျိုးကို ပြည်ထောင်စုကိုပေးမလဲ၊ မည်ကဲ့သို့သောကဏ္ဍမျိုးကို ပြည်နယ်ကိုပေးမလဲ ဆိုတာကို ကျနော်တို့အနေနဲ့ ကဏ္ဍအနေနဲ့ခွဲရမှာဖြစ်တယ်၊ ဆိုတော့ခုနက ဆရာပြောသလို လုပ်ငန်းအနေနဲ့ဆိုရင်၊ လုပ်ငန်းအသစ်ပေါ်ရင်လည်း ဒါက ပြည်ထောင်စုကဏ္ဍထဲမှာပါတဲ့ လုပ်ငန်းဖြစ်တယ်ဆိုရင်၊ အလိုအလျောက်ပြည်ထောင်စုထဲမှာ လုပ်သွားကိုင်မှာဖြစ်တယ်၊ ပြီးတော့ ပြည်နယ်ကဏ္ဍမှာပါတဲ့လုပ်ငန်း အသစ်တွေပေါ်လာတယ်ဆိုရင် ပြည်နယ်ကပဲအဲဒီ ကဏ္ဍအတွင်းမှာ ပြည်နယ်ကဆောင်ရွက်သွားမှာဖြစ်တယ်၊ အဲဒီအတွက်ကြောင့် ကြွင်းကျန်အာဏာ ဆိုတဲ့ကိစ္စမျိုးကတော့ အဲဒီလောက်ကဏ္ဍခွဲခြားပြီးသားဘောင်ထဲက မဟုတ်ရပါဘူး၊ အဲဒီအတွက်ကြောင့် အန္တရာယ်မရှိဘူးလို့ ကျနော်ပြောချင်ပါတယ်။

•အင်တာဗျူးအပိုင်း(၂) နောက်တစ်နေ့ ဆက်ရန်။

December 19, 2024
တနင်္သာရီတိုင်းတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ် တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်...
December 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း၊ ရဲတံခွန်၊ လွတ်ရှမ်း၊ သံပုရာ၊ ခုံခံကျေးရွာမှ...
December 13, 2024
ထိုင်း - မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့အတွင်း အသက် ၁၀ နှစ်အောက်ကလေးပျောက်ဆုံးမှု ယနေ့အထိ...
December 12, 2024
မွန်ပြည်နယ်ထွက် မိုးစပါးများ ယခုနှစ်တွင် အရည်အသွေးကျဆင်းနေကြောင့် စပါးဝယ်ယူသူတို့ တင်းအစား...