နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ကျောက်ဖြူမြို့နယ်တွင် ငါး/ပုဇွန်စျေးနှုန်းများမှာ ယခင်မှုလစျေးနှုန်းမှ ထက်ဝက်ကျော်ခန့်ကျဆင်းသွားကြောင်း ယင်းမြို့နယ်တွင် ငါး/ပုဇွန်ရောင်းဝယ်ရေးလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များထံမှ သိရသည်။
ယခင်က ကျောက်ပုဇွန်တစ်ပိဿလျှင် စျေးနှုန်း ရှစ်သောင်းကျော်ရှိခဲ့သော်လည်း လက်ရှိတွင် သုံးသောင်းကျော်နှင့် ငါးသတိတ် (ကသတိတ်) တစ်ပိဿလျှင် ယခင်က စျေးနှုန်းတစ်သောင်းကျော်ရှိခဲ့သော်လည်း လက်ရှိတွင် ခြောက်ထောင်ကျော်အထိ ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ကင်းပုဇွန်တစ်ကောင်ကို ယခင်က စျေးနှုန်း နှစ် သောင်းကျော်ရှိခဲ့ပြီး လက်ရှိတွင် ရှစ်ထောင်၊ ဂဏန်း တစ်ပိဿကိုလည်း ယခင်ကစျေးနှုန်း ၁၇၀၀၀ ခန့်ရှိပြီး လက်ရှိတွင် ၈၀၀၀ ခန့်သာရှိ တော့သည့်အတွက် မူလစျေးနှုန်းထက် တဝက်ကျော်ခန့်ကျဆင်းလာနေသည်ဟု အဆိုပါလုပ်ငန်းရှင်များထံမှ သိရသည်။
“နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စျေးနှုန်းတွေက ကျဆင်းသွားတယ်၊ထက်ဝက်မက ကျဆင်းသွားတယ်။ သုံးပုံတပုံ လောက်ပဲ ကျန်တယ်။ သဘောက အရင်က လေးသောင်းကျော်လောက်ရတဲ့ဟာဆိုရင် အခု တစ်သောင်းကျော် နှစ်သောင်းလောက်ပဲရတယ်” ဟု ကျောက်ဖြူမြို့မှ ငါး/ပုဇွန်၊ဂဏန်းရောင်းဝယ်ရေး လုပ်ငန်းရှင် ကိုရွှေလှက ပြောသည်။
ရေလုပ်ငန်းကို အဓိကမှီခိုပြီးလုပ်ကိုင်စားသောက်နေသည့် မြဒေးကျွန်းဒေသခံ ကိုမောင်မောင်သန်းက “အခုဆိုရင် ရေလုပ်သားတွေမှာ စားဝတ်နေရေးက လုံးဝက အဆင်မပြေဘူး။ ဆိုတော့ မရှိတာ/ရှိတာတွေကို ထုခွဲရောင်းချပြီး စားသုံးရတဲ့အနေအထားကို ရောက်နေတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေကြသည့်လုပ်ငန်းရှင်များအနေဖြင့် လက်ရှိတွင် ငါး၊ ပုဇွန်၊ ကဏန်းများ စျေးကောင်းမရသည့်အတွက် အဆိုပါလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် အခက်အခဲများဖြစ်ပေါ်နေကြခြင်းဖြစ်သည်။
ယင်းအပြင် ရခိုင်ပြည်နယ်အတွင်းက ပုဇွန်၊ကဏန်းများကို အဓိကတင်ပို့နေသည့် တရုတ်ပြည်မှုဆယ်လမ်း ပိတ်ပင်ထားသည့်အတွက် ကဏန်း၊ပုဇွန်လုပ်ငန်းတင်ပို့ခြင်းများ ကျဆင်းသွားသည်ဟု လုပ်ငန်းရှင်များက ပြောသည်။