ကချင်ပြည်နယ်၊ဗန်မော်မြို့တွင် ဧပြီ ၄ ရက် မနက်ပိုင်း ၃ နာရီအချိန်ခန့်က ရဲနှင့်စစ်သားများက ရပ်ကွက်အတွင်း ဝင်ရောက်အကြမ်းဖက်မူကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ၁၁ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။
သေဆုံးသူမှာ ခွန်သာရပ်ကွက်နှင့် တစ်ဆက်တည်းရှိ မင်းမနိုင်ရပ်ကွက် (၁) တွင်နေထိုင်သူ ကိုမင်းနိုင်ဦး (ခ) ဖိုးသားသည် သူ၏ ရင်ဘတ်နှင့် ခြေထောက်တွင် တစ်ချက်စီကျည်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး လက်ရှိ ရုပ်အလောင်းကို စစ်တပ်မှသိမ်းထားသည်ဟု ဒေသခံတစ်ဦးထံမှသိရသည်။
“မနက် ၃ နာရီလောက်မှာ ရဲနဲ့စစ်သား လူအင်အား ၁၀၀ လောက်က ပြည်သူတွေခံတပ်လုပ်ထားတဲ့ အတားအဆီးတွေကို လာဖျက်ဆီးတယ်။ ပြီးရင် ကင်းစောင့်နေတဲ့သူတွေကို ဖမ်းတယ်။ သူတို့ ဝရမ်းထုတ်ထားတဲ့ အိမ်တွေဆို ဝင်ဖမ်းတယ်။ ဖမ်းဆီးခံရတဲ့သူတွေက ၁၀ ယောက်ကျော်တယ်။ သတင်းအသိအကျမရသေးဘူး။ သေတာကတစ်ယောက်ရှိတယ်။ အလောင်းကို စစ်တပ်က သိမ်းထားတယ်လို့သိရတယ်” ဟုပြောဆိုသည်။
ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင်လည်း ဗန်းမော်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးသည် အရပ်သားသုံးဦးအား ငွေသားအနည်းငယ်ပေးကာ ရပ်ကွက်တွင်း ဝင်ရောက်စေခဲ့သည့် ရုပ်သံများလည်း ထွက်ပေါ်လာခဲ့သည်။
ကချင်ပြည်နယ်တွင် ယနေ့သဆုံးသူအပါအဝင် တစ်ပြည်နယ်လုံး စစ်အာဏာရှင်ဆန့်ကျင်သည့် တော်လှန်ရေးတွင် ကျဆုံးသွားသည့် သူရဲကောင်း ၁၁ ဦးအထိရှိလာပြီဖြစ်သည်။
Published
Monday, April 05, 2021
ဗန်မော်တွင် ရပ်ကွက်အတွင်း အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးမှုကြေင့် ပြည်သူတစ်ဦးသေဆုံးပြီး ၁၁ဦးထက် မနည်း ဖမ်းဆီးခံရ