ဖမ်းဆီးတရားစွဲဆိုခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအမှု နှစ်လနီးပါးကြာလာသည်အထိ အမှုကို စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း ပြည်နယ် NLD တာဝန်ရှိသူတို့ထံမှ သိရသည်။
ဝန်ကြီးချုပ်နှင့်ပတ်သက်ပြီး တရားစွဲဆိုခံထားရသည်ကိုသာသိရှိပြီး ဖမ်ဆီးခံရသည့်အချိန်မှ နှစ်လနီးပါးကြာလာသည်အထိ အဆက်အသွယ်မရရှိဘူးလို့လည်း NLD ပြည်နယ်အတွင်းရေးမှူး ဦးငွေမြင့်က ပြောသည်။
“အခြေအနေကတော့ ဘာမှမထူးသေးဘူး။ ရုံးထုတ်တာ ဘာညာ ဘာမှမရှိသေးဘူး။ တရားစွဲထားတာပဲရှိတယ်။ ဘာမှတော့ လှုပ်ရှားမှုမရှိဘူး၊ ထူးခြားမှု မရှိသေးဘူး။ အခုချိန်ထိတော့ ဘာမှတော့ ထွက်မလာသေးဘူးပေါ့လေနော်။ တရားစွဲထားတယ်ဆိုတာလောက်ပဲ အဲ့အဆင့်မှာပဲ ရပ်နေသေးတယ်” ဟု ဦးငွေမြင့်က ပြောသည်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့ကာ နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးအိမ်ရာတွင် နေထိုင်ခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်တပ်က ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ဝန်ကြီးချုပ်ကို CDM တွင် ပါဝင်သည့်ဝန်ထမ်းများနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာမှတဆင့် video ဖြင့် ပြောကြားခဲ့ခြင်းကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခဲ့သည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေတပ် တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန်ဝတ္တရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော် လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ပြုစေသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
ဝန်ကြီးချုပ်အပြင် NLD လွှတ်တော်ကိုယ်စားလှယ်အချို့တို့ကိုလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်၊ ပတ်သက်မှုရှိသည်ဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) တို့ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။
တရားစွဲဆိုခံထားရသည့် ကိုယ်စားလှယ်များထဲတွင် ဝန်ကြီးချုပ်နှင့် သထုံမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်တို့ နှစ်ဦးသာ ဖမ်းဆီးခံထားရပြီး ကျန်လွှတ်တော်ကိုယ်စားလှယ်များ ဖမ်းဆီးခံထားရခြင်းမရှိပဲ ထွက်ပြေးတိမ်းရှောင်နေရသည်။
NLD လွှတ်တော်ကိုယ်စားလှယ်များ တရားစွဲဆိုခံရပြီး ဖမ်းဆီးမှုရှိလာခြင်းကြောင့် လက်ရှိတွင် NLD ပါတီဝင်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်အများစုကလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။