တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA စာချုပ်သည် အသက်မဝင်တော့သည့် စာချုပ်တစ်ခုအဖြစ်သို့ ရောက်ရှိသွားပြီဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပြောဆိုလိုက်သည်။
CRPH က ကရင်အမျိုးသားအစည်းအရုံး KNU မူတြော် (ဖာပွန်) ခရိုင်၊ တပ်မဟာ ၅ ၏ မတ် ၃၀ ရက်၊ ၂၀၂၁ ခုနှစ်ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်အပေါ် နားလည်စာနာကြောင်း ဧပြီ ၂ ရက်တွင် သဘောထားထုတ်ပြန်ချက်ခဲံရာတွင် NCA စာချုပ်နှင့်ပတ်သက်သည့် ၎င်းတို့၏သဘောထားကို ထည့်သွင်းထားသည်။
CRPH ၏ထုတ်ပြန်ချက်ထဲတွင် “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သည် အဓမ္မစစ်အာဏာသိမ်းမှုကြောင့် ပါဝင်ပတ်သက်ရမည့် အစုအဖွဲ့များမရှိတော့သည့်အတွက် အသက်မဝင်တော့သည့် စာချုပ်တစ်ခုဖြစ်လျက်ရှိပြီး NCA ကို ကျူးလွန်ဖောက်ဖျက်ခဲ့သူသည် စစ်အုပ်စုကိုယ်တိုင် ဖြစ်သည်မှာလည်း ထင်ရှားသည်” ဟု ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီသည် NCA စာချုပ်ဖြင့် တိုင်းရင်းသားအပေါ် စစ်ရေး၊ နိုင်ငံရေးအရ လွှမ်းမိုးမှုကို လုပ်ဆောင်ခဲ့သည်ကိုတွေ့ရကြောင်း ၎င်းတို့၏ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။
CRPH ၏ ထုတ်ပြန်ချက်ထဲတွင် “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြင့် တဖက်တွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲထားသည်ဆိုသော်လည်း တခြားတဖက်တွင် စစ်ကောင်စီသည် နိုင်ငံရေးနှင့် စစ်ရေးတွင် အသာစီးယူ လွှမ်းမိုးထားလိုသော ၎င်းတို့၏ မူလရည်ရွယ်ချက်အတိုင်း နိုင်ငံရေးအရ အာဏာသိမ်းမှုနှင့် စစ်ရေးပြင်ဆင်မှုများကို တပြိုင်တည်း ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရသည်” ဟု ပါရှိသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် KNU တပ်မဟာ ၅ တို့အကြား စစ်ရေးတင်းမာမှုများနှင့် တိုက်ပွဲများကြောင့် မတ်၂၇ ရက်မှ စတင်၍ စစ်သားနှင့် အရပ်သားမခွဲခြားဘဲ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေမှုများကြောင့် အပြစ်မဲ့အရပ်သားများ ထိခိုက်သေကြေခဲ့ရုံသာမက စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်သည် တော၊ တောင်များအတွင်း လှည့်လည်တိမ်းရှောင်နေမှုများကို ကြားသိရ သည့်အတွက် အထူးဝမ်းနည်းမိကြောင်းနှင့် ညအချိန်တွင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးများ အပါအဝင် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ရန်၊ အန္တရာယ်ပြုရန်၊ အကြမ်းဖက်ရန် အားထုတ်သော တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်အား ပြင်းထန်စွာ ရှုံ့ချသည်ဟု CRPH က ဆိုသည်။
ထိုအနေအထားများကြောင့် မြန်မာပြည်သူများ၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာ မိသားစုများအနေဖြင့် စစ်ကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ပါရန် CRPH က မေတ္တာရပ်ခံထားသည်။
ထို့အပြင် KNU တပ်မဟာ ၅ ၏ မတ် ၃၀ ရက်က ထုတ်ပြန်ထားသည့် ကျွန်ုပ်တို့၏ နယ်မြေ၊ ကရင်လူထုနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန်အတွက် တိုင်းပြည်အာဏာကို တရားမဝင်သိမ်းယူထားသော မြန်မာတပ်မတော်၏ရန်ကို ရင်ဆိုင်ခြင်းမှတစ်ပါး ကျွန်ုပ်တို့၌ အခြားရွေးချယ်စရာလမ်း မရှိတော့ပါဟူသော ဖော်ပြချက်အပေါ်တွင်လည်း ကောင်းစွာနားလည်သဘောပေါက်ပါသည်ဟု CRPH ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။
ထို့ကြောင့် လူသားမျိုးနွယ်များအပေါ် ရာဇဝတ်မှု ကျူးလွန်လျက်ရှိသည့် စစ်အုပ်စုအား ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး ရည်ရွယ်လျက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ညီနောင်တိုင်းရင်းသား အင်အားစုများအားလုံးနှင့် လက်တွဲကြိုးပမ်းသွားမည်ဟု CRPH က ပြောသည်။