၂၀၀၈ ဖွဲ့စည်းပုံအရ ဖြစ်တည်လာသည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်း

၂၀၀၈ ဖွဲ့စည်းပုံအရ ဖြစ်တည်လာသည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဖြစ်တည်လာသည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သည်။

ဧပြီ ၁ ရက်နေ့စွဲဖြင့် နမ့်ဆန်နှင့် မန်တုံမြို့နယ် (ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) ကို တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

“အဓိကက ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီဆိုတော့ ဒီ ၂၀၀၈ ဥပဒေအရ ပေါ်ပေါက်လာတဲ့ ကျနော်တို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်း ရှိတော့မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစား တအာင်းဒေသကို အစားထိုးပြီးမှ ထုတ်ပြန်လိုက်တာပေါ့လေနော်” ဟု တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုဖွဲ့စည်းလိုက်သည့် တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် တအာင်းပြည်သူများ၏ လုံခြုံရေး အတွက်လည်း ပြည်သူ့လုံခြုံရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားသည်ဟု ပြောသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၆ (ဃ) အရ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားခြင်းဖြစ်သည်။

အသစ်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းလိုက်သည့် တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် (Civil Disobedience Movement – CDM) မလုပ်သည့် ဝန်ထမ်းများ၊ စစ်အာဏာရှင်၏ လက်ပါးစေများ၊ စစ်အာဏာရှင်နှင့် ပူးပေါင်းနေသူများကိုလည်း CRPH ၏ လမ်းညွန်ချက်များနှင့်အညီ ပြင်းထန်စွာ အရေးယူသွားမည်ဟု ဆိုသည်။

တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းကြောင်း ကြေညာချက်ကိုလည်း အပြည့်ဝ ထောက်ခံကြိုဆိုသည်ဟု ဆက် ပြောသည်။

“အဓိကကတော့ CRPH ရဲ့ လမ်းညွန်ချက်တွေနဲ့ ကျနော်တို့က လုပ်ကြပေါ့လေနော်။ စစ်အာဏာရှင် ကျဆုံးရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းဆောင်ရွက်ကြတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ အချက် ၆ ချက်ပါတာပေါ့လေ။ တစ်ခုနဲ့တစ်ခုက တူမှာမဟုတ်ဘူး။ ပထမတစ်ခုက CRPH ကနေပြီးမှ ၃၁ ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပယ်ဖျက် အပြီးသတ်ဖျက်သိမ်းလိုက်ကြောင်း ကြေညာတဲ့အချိန်မှာ ကျနော်တို့ ပြည်သူ့အုပ်ချုပ်ရေး အနေနဲ့လည်း ကြိုဆိုတယ်။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံအရသွားနေမယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီလည်း ရနိုင်မှာမဟုတ်ဘူး။ အဓိက ကျနော်တို့ တိုင်းရင်းသားတွေလိုအပ်နေတဲ့ ဖက်ဒရယ်ဆိုတဲ့ဟာလည်း ရောက်နိုင်မှာမဟုတ်တဲ့အတွက် ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းတာကို ကြိုဆိုထောက်ခံတယ်ပေါ့လေနော်” ဟု ၎င်းက ဆက်ပြောသည်။

ဧပြီလ ၁ ရက်နေ့ ဖွဲ့စည်းလိုက်သည့် တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ် ကျ ဆုံးရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တအာင်းပြည်သူများ၊ ရပ်မိ ရပ်ဖ များ၊ မိဘပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။

“အဓိက က ကျွန်တော်တို့ ဒေသမှာ ရှိနေတဲ့ မိဘပြည်သူတွေ နဲ့အတူ လိုချင်တဲ့ ဒီမိုကရေစီအခွင့်အရေးတွေ၊ သွားချင်တဲ့ ဖက်ဒရယ်တွေ ကျွန်တော်တို့ဒေသမှာရှိနေတဲ့ ပြည်သူလူထုတွေရော၊ CRPH က အကောင်အထည်ဖော်နေတဲ့ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေရော လက်တွဲသွားပြီးတော့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကို အတူတကွလုပ်ဆောင်ပြီးမှ ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရောက်အောင်သွားမယ်ပေါ့လေ” ဟု တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အဖွဲ့ဝင်တစ်ဦးက ဆက်ပြောသည်။

တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် တအာင်းအမျိုးသားပါတီ TNP၊ တအာင်းလူငယ်များ၊ တအာင်းဥပဒေပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ရပ်မိရပ်ဖများ ပါဝင်သည်ဟု သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...