စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ် ရိခေါဒါရ်မြို့ (အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်း) အကြား ပြေးဆွဲသည့် လိုင်းကားများအားလုံး ပြီးခဲ့သည့်မတ် ၂၆ ရက်မှစ၍ ယာယီရပ်နားထားကြောင်း သိရသည်။
ကလေး- ရိ ကားဂိတ်မှူးတစ်ယောက်က “ကျွန်တော်တို့က နားထားတယ်။ လောလောဆယ်။ တရားဝင် ပိတ်ခိုင်းတာ၊ ဘာညာမရှိပါဘူး။ စနေနေ့ကစပြီးနားတယ်။ ကုန်ကား၊ လူစီးကားတွေအကုန် နားကြပြီ၊ လုံးဝမသွားကြတော့ဘူး။ ကျွန်တော်တို့ကတော့ အခြေအနေပေါ်မှုတည်ပြီးမှပဲ အခြေအနေကောင်းရင်တော့ အခြေအနေပြန်ကောင်းတဲ့နေ့ ပြန်ဖွင့်ဖို့အဲလိုပဲရှိတယ်” ဟု ပြောသည်။
ကလေးမြို့နှင့် ရိခေါဒါရ်မြိုအကြားပြေးဆွဲနေသည့် ကုန်တင်ကားနှင့် လူစီးကား ဂိတ်ပေါင်း ၁၀ ခုကျော်ရှိပြီး ယခုရက်ပိုင်းအတွင်း ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အရှိန်မြင့်တက်လာကာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက အကြမ်းဖက်ဖြိုးခွင်းမှု ပြင်းထန်လာသည့်အတွက် ကားသမားများသည် လိုင်းမဆွဲရဲကြသဖြင့် ယာယီရပ်နားထားကြရခြင်းဖြစ်သည်ဟု ဆိုသည်။
ကလေး-ရိကားလမ်းသည် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းဖြစ်ပြီး နေ့စဉ်နှင့်အမျှ လူသုံးကုန်၊ စားသုံးကုန်၊ အိမ်သုံးပစ္စည်းများ၊ ကွမ်းသီးနှင့်ဝက်များကို နယ်စပ်ဘက်သို့ အဓိက တင်ပို့လေ့ရှိကြသည်။
Published
Wednesday, March 31, 2021
ကလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက အကြမ်းဖက်ဖြိုးခွင်းမှု ပြင်းထန်လာသည့်အတွက် ကလေး-ရိ ပြေးဆွဲသည့် ကားလိုင်းများအားလုံး ရပ်နားခဲ့ရ