ထန်တလန်မြို့တွင် အဖမ်းခံရသူနှစ်ဦးကို ပြန်လွှတ်ပေးပြီး နှစ်ဦးကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲ

ထန်တလန်မြို့တွင် အဖမ်းခံရသူနှစ်ဦးကို ပြန်လွှတ်ပေးပြီး နှစ်ဦးကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲ

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် မတ် ၂၇ ရက်ညပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခဲ့သည့် ဒေသခံပြည်သူ လေးဦးအနက် နှစ်ဦးကို မတ် ၂၈ ရက်က ပြန်လွှတ်ပေးခဲ့ပြီး ကျန်နှစ်ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။ 

 

မတ် ၂၇ ရက်ည ၉ နာရီခွဲခန့်က ထန်တလန်မြို့ရှိ Thantlang Youth Association ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာတွင် အိမ်ပိုင်ရှာသားအဖ နှစ်ဦးဖြစ်သည့် Pu Tial Ceu နှင့် Salai Van Hmun Sang၊ TCBC Pastor Ngun Thawng Lian၊  Pu Tial Cung တို့ လေးဦးအဖမ်းခံခဲ့ရခြင်းဖြစ်သည်။  

 

ထန်တလန်မြို့ခံတစ်ဦးက “အဖမ်းခံရတာ လေးယောက်ပါ။ နှစ်ယောက်တော့လွတ်ပြီ။ နှစ်ယောက်တော့ ခဏလောက်သတင်းမေး စရာရှိတယ်ဆိုပြီးတော့ အချုပ်ထဲမှာပဲ တပတ်လောက်ကြာမလားမသိဘူး။ သူတို့က အချိန်နည်းနည်းလောက်ကြာနိုင်တယ်။ (TYA) ရုံးက သားဖနှစ်ယောက်ကို ၅၀၅ နဲ့ ဥပဒေတပ်ထားတယ်” ဟုပြောသည်။ 

 

ပုဒ်မ ၅၀၅ (က) နှင့် အမှုဖွင့်ခံရသူများမှာ Pu Tial Ceu နှင့် Salai Van Hmun Sang တို့သားအဖဖြစ်ပြီး TCBC Pastor Ngun Thawng Lian၊  Pu Tial Cung တို့သည် ယမန်နေ့က ပြန်လည်လွှတ်မြောက်လာခဲ့သည်။ 

 

ယနေ့နံနက်ပိုင်းကလည်း ဟားခါးမြို့တွင် အာရုဏ်ဦးသပိတ်ဆင်နွှဲသည့် လူငယ်ခြောက်ဦးကိုလည်း အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...