မွန်ညီညွတ်ရေးပါတီမှ အကြီးအကဲပိုင်းအပါအဝင် ပါတီဝင်များ အစုလိုက် အပြုံလိုက် နုတ်ထွက်

မွန်ညီညွတ်ရေးပါတီမှ အကြီးအကဲပိုင်းအပါအဝင် ပါတီဝင်များ အစုလိုက် အပြုံလိုက် နုတ်ထွက်
by -
ဟင်္သာမီဒီယာ

မွန်ညီညွတ်ရေးပါတီ(MUP)မှ အကြီးအကဲပိုင်းအပါအဝင် ပါတီဝင်များ အစုလိုက် အပြုံလိုက် နုတ်ထွက်မှု မတ် ၂၆ရက် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ယင်းနေ့ တစ်နေ့တည်းတွင် ပါတီမှ အကြီးအကဲပိုင်းအပါအဝင် ပါတီဝင်ပေါင်း ၃၀ ကျော်နုတ်ထွက်သွား ခဲ့ခြင်းဖြစ်ပြီး  အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)တွင် အဖွဲ့ဝင်အဖြစ်ပါဝင်မှုကြောင့် နုတ်ထွက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

 

ယင်းသို့ နုတ်ထွက်ရာတွင် ကိုယ်တိုင် ပါဝင်သူ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်မွန်ရာဇာက “အတွင်းရေးမှူး အဖွဲ့ဝင်က နှစ်ယောက်၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၃ ယောက်၊ ဗဟိုကော်မတီဝင် ၁၁ ယောက်၊ မြို့နယ် EC က ခုနစ် ယောက်၊ ဒါ အခု လောလောဆယ် စာရင်းပါ။ နုတ်ထွက်ကြတာ”ဟု ပြောကြားသည်။

 

ဆက်လက်၍ နိုင်မွန်ရာဇာက“အဓိကက အခု ဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်း၊ နိုင်ငံရေးအကျပ်အတည်းမှာ ပါတီက ချမှတ်တဲ့ ဆုံးဖြတ်ချက်ရယ်၊ နောက် အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေမှာ အဲဒီလို ကြည့်တဲ့အခါကျတော့ ပါတီရဲ့ မူဝါဒ၊ လုပ်ငန်းစဉ်နဲ့ လုံးဝ သွေဖီ ဆန့်ကျင်နေတယ်။ အဲဒါကို ထောက်ပြီးတော့ အတူတူ လိုက်ပါပြီးတော့ သွားလို့ အဆင်မပြေတော့ဘူး။ အဓိကက အဲဒါပါပဲ”ဟု ဖြည့်စွက်ပြောကြားသည်။

 

ပြီးခဲ့သည့် မတ် ၂၄ ရက်ကလည်း မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် CEC အပါအဝင် ဗဟိုကော်မတီ CC ၅ ဦးနှင့် မြို့နယ်အဆင့် ပါတီဝင်အချို့  တစ်ပြိုင်တည်း နုတ်ထွက်စာ တင်ထားကြောင်း တွေ့ရသည်။

 

အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)တွင် အဖွဲ့ဝင်အဖြစ် MUP ဗဟိုအလုပ်အမှုဆောင် CEC ဒေါက်တာဗညားအောင်မိုးနှင့် မွန်ပြည်နယ်ကောင်စီဝင်အဖြစ် MUP တွဲဖက်အတွင်းရေးမှူး နိုင်လယိတမတို့ ပါဝင်နေသည်။

 

နစက တွင် မွန်ညီညွတ်ရေးပါတီကိုယ်စားလှယ် ပါဝင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ပါတီ မူဝါဒလမ်းစဉ်များနှင့် မဆီလျော်ဘဲ သွေဖီနေသည်ဟု ဆိုကာ နုတ်ထွက်စာတင်ခဲ့ကြခြင်း ဖြစ်သည်။

 

ဟင်္သာမီဒီယာက ဖတ်ရှုခွင့် ရခဲ့သည့် နုတ်ထွက်စာ အများစုတွင် ကာယကံရှင်တို့က ဖော်ပြရေးသားထားသည်မှာ "မြန်မာ့နိုင်ငံရေးအကြပ်အတည်းနှင့် အခင်းအကျင်းတွင် မွန်ညီညွတ်ရေးပါတီ၏ ဆုံးဖြတ်ချက် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နေသည်မှာ ပါတီ မူဝါဒ လမ်းစဉ်နှင့် လုံးဝ လုံးဝ ဆန့်ကျင်နေပါသဖြင့် ပါတီ၏ တာဝန်အဆင့်ဆင့်မှလည်းကောင်း၊ ပါတီဝင်အဖြစ်မှလည်းကောင်း နုတ်ထွက်ကြောင်း အကြောင်းကြားသည်"ဟု ဆိုထားကြသည်။

 

မွန်အမျိုးသားပါတီ MNP၊  မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP၊ မွန်တိုင်းရင်းသားကိုယ်စားပြုပါတီ တည်ထောင်လိုသူများ ပေါင်းစည်း၍ မွန်ညီညွတ်ရေးပါတီကို ၂၀၁၉ တွင် အသစ်ဖွဲ့စည်းခဲ့သည်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၆၁ ဦး၊ ဗဟိုကော်မတီဝင် ၁၄၀ ဖြင့်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...