ရှမ်းပြည်နယ် မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲများကြောင့်ဒေသခံပြည်သူများ စစ်ဘေးလွတ်ရာနေရာများသို့ထွက် ပြေးနေရပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိနေ

ရှမ်းပြည်နယ် မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲများကြောင့်ဒေသခံပြည်သူများ စစ်ဘေးလွတ်ရာနေရာများသို့ထွက် ပြေးနေရပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိနေ

ရှမ်းပြည်နယ် မြောက်ပိုင်းက ကျောက်မဲ၊ သီပေါ၊ နမ္မတူနှင့် နမ့်ဆန်မြို့နယ်တို့တွင် တိုင်းရင်းသား လက်နက် ကိုင် အချင်းချင်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများ စစ်ဘေးလွတ်ရာနေရာများသို့ထွက် ပြေးနေရပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

နမ္မတူမြို့နယ် ပန်ဆော့ကျေးရွာအုပ်စုအတွင်း တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/ TNLA နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား မတ် ၂၄ ရက်က ဖြစ်ပွားခဲ့ သည့် တိုက်ပွဲကြောင့် ပန်ကွတ်ကျေးရွာဘုန်းကြီးကျောင်းဝန်းထဲသို့ လက်နက်ကြီးကျည် နှစ်လုံးကျရောက်ခဲ့ သည့် အတွက် ဆရာတော်တစ်ပါး ကျည်စထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ပန်ကွက်ဘုန်းကြီးကျောင်းထဲကျ၊ လက်နက်ကြီး နှစ်လုံးပေါ့၊ အဲ့မှာ ကျောင်းက ဆရာတော်တစ်ပါး ကျည် စထိ တာရှိတယ်။ နမ္မတူမှာက တိုက်ပွဲက ဖြစ်နေတာ နည်းနည်းကြာပြီလေ၊ ဖြစ်လိုက် ရပ်လိုက်ပဲ၊ နမ္မတူမှာ မန်စံ အုပ်စု ဘက်ဆိုလည်း အခုထိ ရွာမပြန်နိုင်ကြသေးဘူးနော်” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြော သည်။

နမ္မတူက ဒေသခံတစ်ဦးကလည်း “ကျွန်တော်တို့ မန်စံမှာ ရှိနေရွာ နှစ်ရွာက လူတွေဆို အခုထိ လုံးဝမပြန်ရ သေးဘူး။ နားငူးရယ် နားဟန်းရယ်က ရွာသားတွေပေါ့၊ တခြားရွာကလည်း ခနပြန်တာလောက်ပဲ ရှိတာ ပါ။ အိမ်ပြန်ကြည့် ပြီးရင်ပြန်လာ အဲ့လိုပဲ။ စစ်ရှောင်တွေက လုံးဝမပြန်ရသေးဘူး။ စားရေးသောက်ရေး က ကျနော်တို့ သူများလာလှူတဲ့ဟာနဲ့ ကျနော် တို့ စုဆောင်းထားတဲ့ဟာလေးတွေနဲ့ပေါ့ ဒါလေးတွေနဲ့ပဲ ပံ့ပိုး ပေးနေရတာပေါ့။ ကျနော်တို့ ဒေသက တိုက်ပွဲ ကြီးကြီးကျယ်မဟုတ်ရင်တောင် နေ့တိုင်း ပစ်ခတ်မှုက ရှိ နေတာပေါ့။ ရှိနေတော့ ဘယ်သူမှ မပြန်ရဲကြဘူး။ တအန်းနဲ့ SSPP နဲ့ ပူးပေါင်းအဖွဲ့ပေါ့ဗျာ ပူးပေါင်း အဖွဲ့ နဲ့ RCSS နဲ့ ဖြစ်နေတာ” ဟု ပြောသည်။

ထို့ပြင် မတ် ၂၃ ရက်က နမ့်ဆန်မြို့နယ်အတွင်းက မာမို့ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် TNLA နှင့် RCSS တို့အကြား တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်း တစ်ကျောင်း လက်နက်ကြီး ထိမှန်ပြီး မီးလောင်ပျက်စီး သွားကြောင်း ဒေသခံများက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်းက  မတ် ၂၃ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ဒေသခံများ စစ်ဘေး လွတ်ရာ ထွက်ပြေးခဲ့ရသည်ဟု သိရသည်။

ကျောက်မဲဒေသခံတစ်ဦးက “TNLA နဲ့ RCSS နဲ့ ဖြစ်တာပါ။ ထွက်ပြေးကြတယ် အကုန်လုံးပဲ။ ဈေးသည် တွေ ရော အကုန်လုံးပဲ ပြေးရတာ။ လမ်းမှာ သူများ ထမင်းစားရပ်နားတဲ့နေရာမှာ ပစ်ခတ်နေကြတာပါ။ ကျောက်မဲ နဲ့ မိုင်းငေါ့ကြားမှာ ဖြစ်တာ။ ကျမတို့ဆို ဘယ်သူ့ကို အားကိုးရမှန်းတောင်မသိဘူး။ သူတို့က အချင်းချင်း ဖြစ်နေ ကြတာ။ ပြည်သူတွေက သူတို့ကိုလည်း ကြောက်ရတယ်။ စစ်တပ်ကိုလည်း ကြောက် ရတယ်” ဟု ပြောသည်။

သီပေါမြို့နယ်ရှိ ကုန်းဆာကျေးရွာအုပ်စုအတွင်းက ကျေးရွာများအနီး မတ် ၂၂ ရက်က စတင်ဖြစ်ပွား လာ သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်တော် မြောက်ပိုင်း (SSPP/SSA) နှင့် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူ ၃၀၀ ကျော် စစ်ဘေးတိန်းရှောင်နေရသည်ဟု အကူအညီပေးနေသူများက ပြောသည်။

ကုန်းဆာကျေးရွာအုပ်စုထဲက တာပုလဲ၊ ပန်ခါး၊ ဆွန်လုံ စသည့် ကျေးရွာမှ ဒေသခံရွာသားများ သီပေါမြို့ရှိ အောင်မင်္ဂလာဘုန်းကြီးကျောင်းနှင့် နမ့်အွန်ကျေးရွာက ဘုန်းကြီးကျောင်မှာ စစ်ဘေးတိန်းရှောင်နေရသည်ဟု ပြောသည်။

“၂၂ ရက်နေ့ ညက တိုက်ပွဲဖြစ်လို့ ရွာသားတွေ စပြီးရောက်လာတယ်။ အဲ့ညမှာလည်း ထပ်ရောက်တယ်။ ၂၃ ရက်နေ့ကလည်း ထပ်ရောက်တယ်။ အခု အားလုံးဆို ၃၀၀ လောက်ရှိပြီ။ အစားအသောက်ကတော့ ကျနော် တို့ အဖွဲ့နဲ့ ကျေးရွာရပ်မိရပ်ဖတွေရော ဆီ၊ ဆန်၊ ဆား ကူညီပေးကြပါတယ်။ တခြားတော့ ဘာအကူအညီမှ မရ သေးပါဘူး” ဟု ပရဟိအသင်းတစ်ခုက တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဖေဖော်ဝါရီလ ဒုတိယအပတ်က SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့ နှင့် RCSS တပ်တို့အကြား ကျောက်မဲမြို့နယ် တော့ ဆန်၊ လွယ်အံကျေးရွာအုပ်စုနှင့် နမ္မတူမြို့နယ် မန်ဝါကျေးရွာအနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် အတွက် ဒေသခံရွာသား တစ်ထောင်ကျော် ထွက်ပြေးတိမ်ရှောင်ခဲ့ကြရသည်မှာ  ယနေ့အထိ အချိန်ထိ ဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...