လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ကျူးလွန်ခံရသူများ၏ ဂုဏ်သိက္ခာနှင့်ပတ်သက်သော အမှန်တရားဆိုင်ရာ နိုင်ငံတကာနေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ကျူးလွန်ခံရသူများ၏ ဂုဏ်သိက္ခာနှင့်ပတ်သက်သော အမှန်တရားဆိုင်ရာ နိုင်ငံတကာနေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

ရုန့်ရင်းကြမ်းတမ်းသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ကျူးလွန်ခံရသူများ၏ ဂုဏ်သိက္ခာနှင့်ပတ်သက်သော အမှန်တရား ဆိုင်ရာ နိုင်ငံတကာနေ့ အထိမ်းအမှတ် အမှတ်တရအခမ်းအနားကို မတ်လ ၂၄ ရက်တွင် ရန်ကုန်ရှိ အနုပညာရှင်များက ကျင်းပပြုလုပ်ကြသည်။

မတ်လ ၂၄ ရက်နေ့တိုင်း ကျင်းပသည့် ထိုနိုင်ငံတကာနေ့ကို ရုန့်ရင်းရိုင်းစိုင်းပြီး စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၏ သားကောင်ဖြစ်ခဲ့ရသူများအတွက် အမှတ်တရ အလေးထားဂုဏ်ပြုရန်၊ အမှန်တရား ဖော်ထုတ်သိရှိနိုင်ခွင့်နှင့် တရားမျှတမှု ရရှိပိုင်ခွင့်၏ အရေးကြီးမှုကို ထောက်ခံအားပေးရန်၊ အားလုံးအတွက် လူ့အခွင့်အရေးများကို အားပေးထောက်ကူ ခုခံကာကွယ်ရန် ကြိုးပမ်းရုန်းကန်မှုတွင် ဘ၀များကို နှစ်မြှုပ်လုပ်ကိုင်ထားခဲ့သော၊ အသက်များကို စွန့်လွှတ်ဆုံးရှုံးထားခဲ့ရသူများကို ချီးကျူးဂုဏ်ပြုရန် ကျင်းပခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ဖော်သည်။

၁၉၈၀ ခုနှစ် အယ်လ်ဆယ်ဗေးဒိုးရှိ ခရစ်ယာန်ဂိုဏ်းချုပ် Oscar Arnulfo Romero လုပ်ကြံခံရမှု နှစ်ပတ်လည် ၂၀၁၀ ဒီဇင်ဘာ ၂၁ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက ထိုနေ့ကို ထုတ်ဖော်ကြေညာခဲ့သည်။

၁၉၈၀ မတ်လ ၂၃ ရက်တွင် ဟောပြောခဲ့သည့် တရားတော်တစ်ခုတွင် ခရစ်ယာန်ဂိုဏ်းချုပ်ဘုန်းတော်ကြီး Romero က ပြည်သူများကို စစ်တပ်ဘက်က သတ်ဖြတ်နေမှု ရပ်တန့်ရေး ညွှန်ကြားခဲ့သည်။ “ ဒီ ဆင်းရဲဒုက္ခ ခံစားနေကြရသူတွေရဲ့ ငိုကြွေးသံတွေဟာ နေ့စဥ်နဲ့အမျှ ကောင်းကင်ဘုံဆီ ပိုကျယ်ကျယ်လောင်လောင် တက်နေတဲ့အချိန်မှာ သင်တို့ရဲ့ ဖိနှိပ်နေမှုတွေ ရပ်ဆိုင်းဖို့ အကျွန်ုပ် ပန်ကြားပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

နောက်တစ်နေ့တွင် ခရစ်ယာန်ဂိုဏ်းချုပ်ဘုန်းတော်ကြီး Romero သည် အများပြည်သူကို ဟောပြောနေခဲ့စဥ်မှာပင် ပစ်သတ်ခံခဲ့ရသည်။ ခရစ်ယာန်ဂိုဏ်းချုပ် Romero အားလုပ်ကြံရန် ဗိုလ်မှူး Roberto D’Aubuisson က ခိုင်းစေခဲ့ကြောင်း နောက်ပိုင်းတွင် ကုလ အစီရင်ခံစာတစ်ရပ်တွင် တွေ့ရှိခဲ့သည်။

ဖြစ်ပျက်ခဲ့မှုများအတွက် အမှန်တရားကို သိရှိစေနိုင်ခွင့်သည် ကြီးလေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သက်ဆိုင်သော်လည်း ယင်းက ဖမ်းဆီးခံရပြီး ပျောက်ကွယ်သွားခြင်းများနှင့်ပတ်သက်ပြီး အများအားဖြင့် ပိုမိုသက်ဆိုင်သည်။ ယင်းသည် ထိရောက်သော စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ခွင့်၊ အချက်အလက် အတည်ပြုမှုနှင့် အမှန်တရားကို ပြည်သူများ၏ ဖော်ထုတ်မှု အပါအ၀င် ကုစားမှုတစ်ခု ရပိုင်ခွင့်၊ နစ်နာကြေးပေးအပ်ရန်၊ ကြုံတွေ့ခဲ့ရသည့် ထိခိုက်မှုများအတွက် အခြားသော ပုံစံများဖြင့် လျော်ကြေးပေးအပ်ရန် ဖြစ်သည့် နစ်နာမှုအတွက် ပြန်လည် ပေးဆပ်ခြင်းဆိုင်ရာ အခွင့်အရေး တို့နှင့်လည်း ဆက်နွယ်နေသည်။

မြန်မာနိုင်ငံသည် စစ်တပ်အုပ်ချုပ်မှုမှ လွတ်မြောက်သည့် အနာဂတ်သစ်တစ်ခုကို မျှော်မှန်းနေလျက်ရှိစဥ် အမှန်တရား ဖော်ထုတ်သိရှိစေနိုင်ခွင့်က အရေးကြီးကြောင်း ယခု အထိမ်းအမှတ်နေ့ ပြုလုပ်မှုတွင် ပါ၀င်ခဲ့သည့် အနုပညာရှင် ကိုယ်စားလှယ်တစ်ဦးက မဇ္စျိမကို ပြောခဲ့သည်။

“အမှန်တရားကို ထုတ်ဖော်တာက တရားမျှတမှု ရဖို့ ကြိုးပမ်းရာမှာ အရေးအကြီးဆုံး အဆင့်တစ်ခုဖြစ်တယ်၊ ဘာလို့လဲဆိုတော့ အမှန်တရားက ထိခိုက်ခံစားခဲ့ရသူတွေကို အသိအမှတ်ပြုမှတ်မိမှုကို ပံ့ပိုးပေးတယ်၊ ယင်းက ပြစ်မှုကျူးလွန်သူတွေနဲ့ တာ၀န်ရှိတဲ့ အဖွဲ့အစည်းတွေကို ဖော်ထုတ်တယ်၊ အမှန်လက်တွေ့ ဖြစ်ပျက်ခဲ့သမျှတွေနဲ့ပတ်သက်တဲ့ အထောက်အထားသက်သေ ဒါမှမဟုတ် မှန်ကန်တဲ့ သမိုင်းကို ရေးသားရာမှာ ထောက်ကူပေးတယ်၊ အနာဂတ်မှာ အလားတူအတိုင်း ထပ်မဖြစ်စေဖို့ ကာကွယ်ရာမှာလည်း အရေးကြီးတဲ့ နေရာကနေ ပါ၀င်ပေးပါလိမ့်မယ်”

“တရားမျှတမှု မရှိဘဲနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရှိမှာမဟုတ်ပါဘူး၊ အမှန်တရား မပါဘဲ တရားမျှတမှု မရှိပါဘူး၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားလူမျိုးစုတွေက ပြည်သူတွေ၊ ဘာသာပေါင်းစုံက လူအားလုံးနဲ့ ဆင်းရဲနွမ်းပါးသူတွေ အပါအ၀င် မြန်မာပြည်မှာ ရှိတဲ့ ပြည်သူအားလုံးရဲ့ အမှန်တရားကို ကြားသိရပါလိမ့်မယ်” ဟု ၎င်းတို့က ပြောခဲ့သည်။

Most read this week

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...
စစ်ကောင်စီဖမ်းဆီးထားသည့် ဆရာတော်ဦးပညာဇောတ
November 19, 2024
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ  ဦးဆောင်ဆရာတော်တပါးဖြစ်သည့်...
၂၀၂၂ခုနှစ် ဩဂုတ်လက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးစဥ် ( ဓာတ်ပုံ- ပုံဟောင်း)
November 18, 2024
အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်ရှိ အကျဥ်းထောင်အတွင်း ထိန်းသိမ်းခံနေရသည့် မြန်မာများအတွက်...
November 14, 2024
ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက...