ရှမ်းပြည်နယ် တောင်ကြီး ဘုရားဖြူရပ် နယ်မြေ (၅) တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က နေအိမ်အတွင်းထိဝင်ရောက်ပြီး လူငယ်လေးဦးကို ဖမ်းဆီးမှု ယနေ့ (မတ် ၂၃ ရက်) ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒီနေ့ ညနေ (၄)နာရီမှာ ယောကျာ်းလေး လေးယောက်ကို ဆွေးနွေးစရာရှိတယ်ဆိုပြီး လာခေါ်သွားတယ်။ အိမ်ထဲထိဝင်ဖမ်းသွားတာပါ” ဟု ရပ်ကွက်နေပြည်သူတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူများ၏နေအိမ်ကို မတ် ၂၁ ရက်မှစတင်ကာ အသက် (၆၀) အရွယ်ရှိ အမျိုးသားတစ်ဦးကို နေအိမ်ထဲထိ ဝင်ဆွဲ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်းနှင့် ယနေ့တွင်လည်း ထိုသူကို ထပ်မံဖမ်းဆီးသွားကြောင်း ၎င်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။
တောင်ကြီးမြို့၊ ဘုရားဖြူရပ် နယ်မြေ (၅) အောတာချောင်းအနီးရပ်ကွက်တွင် ပြီးခဲ့သည့် မတ် ၂၁ ရက် ညပိုင်းတွင်လည်း နာရေးအိမ်မှ လူ ကိုးဦးခန့်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊ ထိုဖမ်းဆီးခံရသူများသည် မြန်မာပြည်ဖွား တရုတ်လူမျိုးများဖြစ်ကြကြောင်း သိရသည်။
ထို့ပြင် ယနေ့ (မတ် ၂၃) ရက် တောင်ကြီးမြို့ ရတနာသီရီရပ်ကွက်၌ မနက် မိုးမလင်းခင်တွင်လည်း ကျောင်းဆရာမတဦးနှင့် သူ့၏သမီးတဦးကို အကြမ်းဖက်စစ်ကောင်စီက နေအိမ်ထဲထိဝင်ရောက်ကာ အကြောင်းမဲ့ဖမ်းဆီးသွားခဲ့ပြီး၊ ယနေ့ထိတိုင် မလွှတ်သေးကြောင်း သိရသည်။
ဆက်လက်ပြီး တောင်ကြီး ဒေသခံပြည်သူများပြောပြချက်အရ ရတနာသီရိရပ်ကွက်ရှိ ကျောင်းဆရာမသားအမိနှစ်ဦးအပြင် အရပ်သားခုနစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။
စစ်ကောင်စီနှင့် ရဲများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ ဖမ်းဆီးခံသူများမှာ တရုတ်လူမျိုးများဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ရတနာသီရိရပ်ကွက် အုတ်ဖိုကျောင်းနှင့် သုံးလမ်းဆုံထိပ် အမှတ် ၉ ကျောင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားကြောင်း သိရသည်။
Published
Wednesday, March 24, 2021
တောင်ကြီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ပြည်သူများ၏နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်