ချင်းပြည်နယ်မှ CDM ပြုလုပ်ထားသော ဝန်ထမ်းအချို့ ခြိမ်းခြောက်ဖိအားပေးခံရမှုကြောင့် ရုံးပြန်တက်မှုရှိနေ

ချင်းပြည်နယ်မှ CDM ပြုလုပ်ထားသော ဝန်ထမ်းအချို့ ခြိမ်းခြောက်ဖိအားပေးခံရမှုကြောင့် ရုံးပြန်တက်မှုရှိနေ

အာဏာသိမ်းစစ်ကောင်စီ၏ ဖိအားပေး၊ ခြိမ်းခြောက်မှုများကြောင့် ချင်းပြည်နယ် ဟားခါးနှင့် မင်းတပ်မြို့တို့တွင် Civil Disobedience Movement- CDM ပြုလုပ်ထားသော ဝန်ထမ်းအချို့ ရုံးပြန်တက်မှုရှိနေကြောင်း သိရသည်။

 

“CDM တွင် အခိုင်အမာရပ်တည်တဲ့သူတွေကို မက်လုံးပေးပြီးစွယ်တာ၊ ဖိအားပေးတယ်ဆိုတာကေတာ့ ဖုန်းခေါ်ပြီးတော့ မက်လုံးပေးတာ ပိုပြီးတော့များတယ်၊ မဟုတ်လို့ရှိရင် အလုပ်ထုတ်ပယ်မယ်ဆိုတဲ့ ကိစ္စမျိုးတွေရှိတယ်၊ တချို့က ရာထူးတိုးဖို့၊ ပြီးတော့ အခုပြန်လာလို့ရင် သူတို့ပြီးခဲ့တဲ့ CDM လုပ်ထားတာတွေ အကုန်ပယ်ဖျက်ပေးလို့ရတယ်၊ အဓိကတော့ ထိပ်ပိုင်းတွေဆိုလို့ရင် ရာထူးတိုးပေးမယ်ဆိုတဲ့ မက်လုံးမျိုးပေါ့” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

 

ဟားခါးမြို့နယ်တွင် CDM ဝင်ထားသည့် အစိုးရဝန်ထမ်း စုစုပေါင်း ၃၀၀၀ ကျော်ခန့်ရှိပြီး လက်ရှိအချိန်တွင် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်း ၂၀ ဦးခန့်တို့မှာ အထက်အရာရှိများ၏ ဖိအားပေးခြိမ်းခြောက်ခံရမှုကြောင့်  ရုံးပြန်တက်နေကြကြောင်း သိရသည်။

 

ယခုရုံးပြန်တက်နေသော ကျန်းမာရေးဌာနရှိ ဝန်ထမ်းတို့သည် CDM တွင် ပါဝင်မည်ဟု နာမည်စာရင်းပေးထားသော်လည်း ရုံးမှခေါ်လျှင် ရုံးပြန်တက်နေသော ဝန်ထမ်းများဖြစ်ကာ အချိန်ပြည့် CDM တွင်ပါဝင်ကြသော ဝန်ထမ်းများမဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။  

 

အလားတူ မင်းတပ်မြို့တွင်လည်း CDM ဝင်သည့် ဝန်ထမ်းများကို အာဏာသိမ်းစစ်ကောင်စီဖက်မှ CDM တွင်ပါဝင်ရသည့် ဖြေရှင်းချက်တောင်းခြင်း၊ စာတွေပေးပို့ခြင်းများပြုလုပ်သည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

 

“ဖြေရှင်းချက်တောင်းတာနဲ့ အလုပ်ထုတ်တာတို့ သတိပေးတဲ့စာတွေပို့တာတို့ပေါ့၊ အခုကတော့ ကျွန်တော်တို့ သိရသလောက်တော့ တောက်လျှောက် ဖိအားပေးတာတွေများတယ်၊ မရရအောင် ပြန်ဝင်ဖို့ ဖိအားပေးတာတို့ ကြားသိရတယ်။ သူတို့က ဘာကြောင့် CDM လုပ်ရဘာတယ်ဆိုပြီး ဖြေရှင်းချက်ပို့တာရှိတယ်၊ တချို့က CDM လုပ်ပြီးမှ ရုံးပြန်တက်သွားတဲ့သူတွေရှိတယ်လို့ သိရတယ်” ဟု မင်းတပ်ဒေသခံကပြောသည်။

 

မင်းတပ်မြို့တွင် CDM ဝင်သည့် အစိုးရဝန်ထမ်းပေါင်း ၂၂၆၀ ကျော်ရှိပြီ ရုံးပြန်တက်သူ ခုနစ်ဦးရှိကြောင်းလည်း သိရသည်။

 

အစိုးရဝန်ထမ်း စုစုပေါင်း နှစ်သောင်းကျော်ရှိသည့် ချင်းပြည်နယ်တွင် CDM ဝင်ထားသူ တစ်သောင်းလေးထောင်ကျော်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်နှုန်းကျော်ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...