ပုသိမ်ဆေးရုံ၏ အရေးပေါ်ဌာနအား ဒုတိယဆေးရုံအုပ်မှ ဦးစီး၍ စစ်ဆေးရုံမှ လက်ထောက်ဆရာဝန်များ၊ပုသိမ်ဆေးရုံ ကျန်းမာရေးဝန်ထမ်းများပူးပေါင်းပြီး မတ်လ(၁၉)ရက်နေ့မှစတင်ဖွင့်လှစ်ထားကြောင်း၎င်းဆေးရုံအုပ်မှပြောသည်။
ပုသိမ်ဆေးရုံတစ်ခုလုံး ပြန်လည်ဖွင့်လှစ်နိုင်ရန် ဝန်ထမ်းအင်အား လုံလောက်ခြင်းမရှိသောကြောင့်ဝန်ထမ်းများအား ပြန်လည်အလုပ်ဆင်းရန် ဒုတိယဆေးရုံအုပ်မှ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းမျိုးရှိခဲ့ပြီး အလုပ်ပြန်မဆင်းပါက ဝန်ထမ်းစည်းမျဥ်းစည်းကမ်းများအရ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းမျိုးရှိမည်ဟုပုသိမ်ဆေးရုံ ဒုတိယဆေးရုံအုပ်မှပြောသည်။
"ဆေးရုံက အရိုးဆရာဝန်ကြီးနဲ့ဆရာဝန်ကြီးတွေ စီနီယာအစ်မကြီးတွေ၊မြို့ထဲကလူတွေနဲ့ဖွဲ့ထားတဲ့ဆေးရုံအထောက်အကူပြုအဖွဲ့၊ပြီးတော့ရှင်သန်ရာဆိုတဲ့ပရဟိတအဖွဲ့တွေနဲ့တိုင်ပင်ပြီးတော့ဘယ်သွားရမှန်းမသိတဲ့လူနာတွေ မဖြစ်သင့်တာတွေမဖြစ်ရအောင်တိုင်ပင်ပြီး လုပ်နေကြပါတယ် ဝန်ထမ်းတွေကိုတော့ ပြန်လာတာမလာတာတော့ မိမိဖာသာဆုံးဖြတ်လို့ရတယ်လို့အကြောင်းကြားထားတယ် မလာရင်တော့ ဝန်ထမ်းစည်းမျဥ်းစည်းကမ်းနဲ့အရေးယူရမယ်လို့တော့ပြောထားတယ်"ဟု ဒုဆေးရုံအုပ်ကြီးမှပြောသည်။
ထိုသို့ အထောက်အကူပြုအဖွဲ့နှင့် ပရဟိတအဖွဲ့များတိုင်ပင်လုပ်ဆောင်နေကြသော်လည်း ဆေးရုံတစ်ခုလုံးပြန်ဖွင့်နိုင်ရန် ဝန်ထမ်းအင်အားနည်းသောကြောင့် အရေးပေါ်ဌာနကိုသာဆက်လက်ဖွင့်ထားမည်ဟုစစ်ကောင်စီအားတင်ပြခဲ့ပြီး ဆေးရုံတက်ရမည့်လူနာများအား စစ်ဆေးရုံသို့ပို့ဆောင်နေကြောင်း၎င်းဆေးရုံအုပ်မှဆက်လက်ပြောသည်။
လက်ရှိတွင် ပုသိမ်ဆေးရုံမှ CDM ပြုလုပ်ထားသော လက်ထောက်ဆရာဝန်များအားလုံးနီးပါး၊သူနာပြုတချို့နှင့် အထူးကုဆရာဝန်တချို့က CDM ဆက်လက်ပြုလုပ်နေကြပြီး၊ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်အား ပုဒ်မ(၅၀၅)က ဖြင့်တရားစွဲဆိုထားခြင်းမရှိကြောင်း ပုသိမ်ဆေးရုံ ဒုတိယဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုး၏ပြောကြားချက်အရသိရသည်။