မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးနှင့်ပတ်သက်၍ ပါတီလေ့ကျင့်ရေးဌာနမှူး နိုင်ရဲဇော်နှင့် တွေ့ဆုံမေးမြန်းခြင်း
မေး - မတ်လ ၁၅ ရက်က သံဖြူဇရပ်မှာ မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီအရေးပေါ်အစည်းအဝေး လုပ်ကြတယ်ပေါ့နော်။ အဲဒီမှာ ဆွေးနွေးဖြစ်ကြတဲ့ အကြောင်းအရာတွေကို ပြောပြပေးပါဦး။
နိုင်ရဲဇော် - နိဒါန်းပြောရရင်တော့ ကျွန်တော်က ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူတော့ မဟုတ်ဘူးပေါ့နော်။ ကျွန်တော့်ဖြေကြားချက်တွေကတော့ သတင်းမီဒီယာတစ်ခုက မေးတာကို ပုဂ္ဂလအမြင်နဲ့ ဖြေကြားတာ ဖြစ်မှာပေါ့။ ပါတီကိုယ်စားပြုဖြေကြားခြင်းတော့ မဟုတ်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ပါတီမှာကတော့ သူ့ရဲ့ ပြောရေးဆိုခွင့် ရှိသူတွေကို တာဝန်ပေးထားတာ ရှိတာကိုး။ ပါတီရဲ့ CEC တစ်ယောက်အနေနဲ့ ပြောတာပေါ့နော်။
ခုနက မေးခွန်းအရ ဘာတွေ ဆွေးနွေးသလဲဆိုရင် အဓိကအားဖြင့်တော့ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ (နစက) မှာ ကျွန်တော်တို့ပါတီကနေ ဝင်ရောက်ပြီးတော့ လုပ်ကိုင်ရေး၊ မလုပ်ကိုင်ရေးဆိုတာကို ဆွေးနွေးတာ။ ဆွေးနွေးတဲ့အခါမှာ အမြင်အမျိုးမျိုးတော့ ရှိတာပေါ့လေ။ ကျွန်တော် အနေနဲ့ကတော့ အမြင်ကို အရင်ဆုံး အခြေခံသင့်တယ်။ ပါတီရဲ့အမြင်၊ ပြည်သူလူ ထုရဲ့အမြင်။ အဲဒါပြီးမှသာ ဒီ နစက အောက်မှာ သွားပြီးတော့ လုပ်ကိုင်ဆောင်ရွက် သင့်၊ မသင့်ကို စဉ်းစားသင့်တယ်လို့ ဆွေးနွေးပါတယ်။
ဘယ်လိုဖြစ်လဲဆိုတော့ သွားပြီးတော့ လုပ်မယ် မလုပ်ဘူးဆိုတာ ချက်ချင်းကြီး မဆုံးဖြတ်သင့်ဘူးလို့ မြင်ပါတယ်။ ပါတီမူဝါဒတွေရှိတယ်။ ပါတီစည်းမျဉ်းတွေရှိတယ်။ အခြေခံသဘောတရားတွေရှိတယ်။ လုပ်ငန်းစဥ်တွေ ရှိတယ်။ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒအထဲမှာဆိုရင် မည်သည့် အာဏာရှင်စနစ်ကိုမှ လက်ခံခြင်းမပြုရ ဆိုတဲ့ သဘောထားမျိုးတွေပါတယ်။ လုပ်ငန်းစဥ်ထဲမှာ ကြည့်လိုက်မယ်ဆိုရင်လဲ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ချီတက်မယ်ဆိုတာတွေ ပါတယ်။ ပါတီအခြေခံအချက်တွေနဲ့ လုပ်ငန်းစဉ်တွေ အားလုံးက အာဏာရှင်စနစ်ကို တိုက်ဖျက်တာတို့ ဆန့်ကျင်တာတို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်နိုင်ငံကို သွားဖို့ဟာတွေ အခြေခံထားတာဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ ဒီဟာကို လက်တွဲလုပ်ကိုင်မယ်ဆိုတဲ့အခါမှာ နစကအနေနဲ့ ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာထက် ဒါက ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရမဟုတ်ဘူး ဆိုတာ သေချာတယ်။ လက်ခံတယ် မခံဘူးဆိုတာထက် အဲဒီအောက်မှာ ဝင်ရောက်လုပ်ကိုင်ဖို့၊ လက်တွဲလုပ်ကိုင်ဖို့ မသင့်တော်ဘူးလို့ ကျွန်တော် အနေနဲ့ကတော့ မြင်တယ်ပေါ့နော်။ ပါတီမူဝါဒအပေါ် အခြေပြုပြီးတော့ စဉ်းစားတာပေါ့နော်။
နောက်ပြီး လုပ်ငန်းစဥ်တွေ ပြန်ကြည့်လိုက်ရင်လည်း နံပါတ် ၁ က ဖက်ဒရယ်ကို အခြေခံတယ်။ လုပ်ငန်းစဥ်တွေအားလုံးက ဖက်ဒရယ်စနစ်ကို သွားဖို့၊ ဒီမိုကရေစီစနစ်ကို သွားဖို့၊ လူ့အခွင့်အရေးကို ကာကွယ်ဖို့ ဆိုတာတွေအပေါ်မှာ အခြေခံထားတယ်။ ဒါနဲ့ အကိုက်ညီဆုံးဖြစ်အောင် ကျွန်တော်တို့ပါတီအနေနဲ့ နေထိုင်သင့်တယ်။ ကျွန်တော်တို့က တွက်တယ်။
ကျွန်တော့်အနေနဲ့ဆိုရင်လည်း လေ့ကျင့်ရေးဌာနမှူး တစ်ယောက်ပဲလေ။ ဒီ အတွေးအခေါ်၊ သဘောတရားတွေအပေါ်မှာမှ ကျွန်တော်တို့က မရပ်တည်ရင် နိုင်ငံရေးပါတီတစ်ခုက မရှင်သန်နိုင်ဘူး။ ကျွန်တော်ကတော့ အဲဒီလို ယူဆတယ်။
အခြေခံစည်းမျဉ်းထဲမှာ ရေးဆွဲထားတဲ့ အချက်တွေ လုပ်ငန်းဉ်တွေ ကြည့်လိုက်ရင် ကျွန်တော်တို့ဟာ ဘယ်အာဏာရှင် စနစ်အောက်မှာမှ သွားပြီးတော့ အမှုထမ်းဆောင်ဖို့ မပါနေဘူး။ မူဝါဒမှာပဲဖြစ်ဖြစ် လုပ်ငန်းစဉ်မှာပဲဖြစ်ဖြစ် မပါနေဘူး။ ကျွန်တော်တို့ရဲ့ ပါတီကနေပြီးတော့ မူဝါဒတွေ စည်းမျဉ်းတွေက ပြည်သူလူထုကို ကိုယ်စားပြုမယ် ရပ်တည်ပေးမယ်ဆိုတဲ့ အချက်တွေပဲ ပါတာဖြစ်တယ်။
တကယ်လို့ သွားပြီးတော့ အမှုထမ်းဆောင်မယ် စစ်ကောင်စီမှာ အဖွဲ့ဝင်အနေနဲ့ ပါဝင်မယ်ဆိုရင် ပါတီတစ်ခုလုံးမှာ ပါတီရဲ့ အယူအဆ ရေးရာရော လုပ်ငန်းစဉ်ရောကို အသက်တစ်ခုလုံးကို သူများကို အပ်ပေးလိုက်တာနဲ့ အတူတူပဲဖြစ်သွားမယ်။ ကျွန်တော်တို့မှာ ခန္ဓာကိုယ်ရော ဝိဉာဉ်ရော မရှိတော့ဘူး။ ကျွန်တော်တို့ရဲ့ အသက်သွေးကြောဖြစ်တဲ့ ပါတီ မူဝါဒ စည်းမျဉ်း ခံယူချက်ဆိုတာလဲ မရှိနိုင်တော့ဘူး။ ဘာကြောင့်လဲ၊ ကျွန်တော်တို့ထက် အင်အားအများကြီးတယ်လို့ ယူဆနိုင်တဲ့ ကောင်စီတစ်ခုအောက်မှာ ဝင်ရောက်လုပ်ကိုင်ရတဲ့ အနေအထား ဘယ်လိုဖြစ်ဖြစ် သက်ရောက်သွားမယ်။ သြဇာခံလည်း ဖြစ်သွားမယ်၊ သက်ရောက်သွားမယ်။
နောက်ပြီးတော့ ဒီဟာအနေနဲ့လည်း ရွေးကောက်ပွဲအရသော်လည်းကောင်း ပြည်သူလူထုရဲ့ ဆန္ဒအရသော်လည်းကောင်း၊ ပေါ်ပေါကိလာတဲ့ အဖွဲ့အစည်းတစ်ခု မဟုတ်သေးတဲ့အတွက် ပြည်သူလူထုရဲ့ အမြင်အနေနဲ့လည်း ကျွန်တော်တို့အပေါ်မှာ ဘယ်နည်းနဲ့မှ မကောင်းနိုင်ဘူး။ နိုင်ငံရေးပါတီတစ်ခုဆိုတာက ပြည်သူလူထုအပေါ်မှာ အမှီပြုရတာပဲ။ ပြည်သူလူထုရဲ့ အမြင် မကောင်းတဲ့ ဟာတစ်ခုကို ကျွန်တော်တို့ သွားလုပ်လို့ မရဘူး။ ကောင်းလာအောင် လုပ်နိုင်ဖို့ ဆိုတာကလည်း ကျွန်တော်တို့မှာ လုပ်နိုင်စွမ်း ရှိ မရှိဆိုတာ ဒီအချိန်မှာ တိုင်းတာလို့ မရနိုင်သေးဘူး။ လတ်တလော ပြောနိုင်တာကတော့ ပြည်သူလူထု အမြင်မကောင်းနိုင်ဘူးလို့ တော့ ကျိန်းသေပေါက် ပြောနိုင်တယ်။
မမြင်ရသေးတဲ့ ပြည်သူလူထု အမြင်ကောင်းနိုင်မှာပါဆိုတာကို သွားပြီး မျှော်မှန်းနေတာထက် ပြည်သူလူထု အမြင်မကောင်းမဲ့ လုပ်ငန်းကို ရှောင်ကြဉ်လိုက်သင့်တယ်လို့ မြင်တယ်။ ဆွေးနွေးဖြစ်ပါတယ်။
ကျွန်တော် ဆွေးနွေးဖြစ်တဲ့ တစ်ခုလေး ထပ်ပြီးတော့ ပြောပြပါ့မယ်။ ကျွန်တော်တို့မှာ လမ်းကြောင်းရွေးချယ်စရာ ဒီနှစ်ခုထဲမဟုတ်ဘူး။ လုပ်မယ် မလုပ်ဘူးဆိုတာ တစ်ခုထဲ မဟုတ်ဘူး။ ကျွန်တော်တို့မှာ လမ်းကြောင်းရွေးချယ်စရာက မလုပ်ရင် ပျက်သွားမဲ့၊ ပါတီက လုပ်မှ ပါတီထူထောင်နိုင်မယ်ဆိုတဲ့ သဘောတရားမျိုး ရှိမနေဘူး။ နစက အနေနဲ့လဲ မင်းတို့မလုပ်ရင် ဖျက်ပစ်မယ်ဆိုပြီးတော့လည်း ညွှန်ကြားမနေဘူး။ အဲဒီတော့ ကျွန်တော်တို့မှာ ရွေးချယ်စရာတွေ အများကြီးရှိနေတာပဲ။ မလုပ်ဘူး ဒီတိုင်းနေနေလဲ ရနေတာပဲ။ ဥပမာ ပေးရရင် SNLD က ဘယ်လို ငြင်းလိုက်လဲဆိုရင် သူတို့ပါတီက အဆင်သင့် မရှိသေးပါဘူးလို့ ဖြေလိုက်တယ်။ ဒါလည်းပဲ နေလို့ရတဲ့ အခြေအနေ တစ်ခုပါပဲ လို့ ။ ဒီလိုမျိုး နေလိုက်ခြင်းအားဖြင့် တိုင်းရင်းသားပါတီတွေအနေနဲ့လည်း ကိုယ့်အပေါ်မှာ အထင်အမြင်လွဲမှားမှု မခံရဘူး။ ကျန်တဲ့တိုင်းရင်းသားပါတီတွေနဲ့လည်း ညှိနှိုင်းပြီးတော့ ဆက်လက်ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်သွားလို့ ရတယ်။
ဒီလိုမျိုး အားတက်သရောကို ပါတီ ဗဟိုကော်မတီ အစည်းအဝေးကကို ဆုံးဖြတ်ပြီးတော့ သွားပြီးတော့ ဝင်ရောက်လုပ်ကိုင်လိုက်ပါတယ်ဆိုရင် ကိုယ့်ရဲ့ မိတ်ဆွေပါတီတွေ တိုင်းရင်းသားပါတီတွေက ကိုယ့်အပေါ်မှာ ဘယ်လို မြင်သွားမလဲ၊ ဘယ်လို ယူဆမလဲပေါ့နော်။ ဒီပါတီဟာ ဘယ်လိုတွေနဲ့ ရပ်တည်နေတဲ့ ပါတီတစ်ခုလဲဆိုတာ သုံးသပ်လာကြမှာပဲ။ ရှုတ်ချတဲ့အဖွဲ့တွေလည်း ရှုတ်ချလာကြမှာပဲ။ ဒါတွေကို ရင်ဆိုင်ရမယ်။ နိုင်ငံရေးပါတီတစ်ခုက နိဂုံးချုပ် ပြောရရင်တော့ ကိုယ့်မူဝါဒ စည်းမျဉ်းအပေါ်မှာ လိုက်နာသွားဖို့ဟာ အဓိကကကျတယ်လို့ မြင်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေအပေါ် မူတည်ပြီးတော့ ကိုယ့် အယူအဆတွေ လိုက် ပြောင်းလဲနေမယ်ဆိုရင် ဘယ်တော့မှလည်း တည်ငြိမ်တဲ့ ပါတီတစ်ခု ဖြစ်လာမှာ မဟုတ်သလို ရပ်တည်လို့လည်း မရဘူး။ ဒီကြားထဲ ဘာ အရှုံးပေါ်မလဲဆိုရင် နေရေးထိုင်ရေးနဲ့ ပါတီတွင်းမှာ ပါတီဝင်အချင်းချင်း သဘောထားကွဲလွဲမှုဆိုတာ ဖြစ်ပေါ်လာမှာပဲ။ ကျိန်းသေမလွဲဘူး။ နောက်ဆုံး အမြင်နှစ်မျိုး ဖြစ်သွားမှာပဲလေ။
မေး - (နစက) နဲ့ ပူးပေါင်းတဲ့ကိစ္စမှာ မွန်ညီညွတ်ရေးပါတီအပေါ် အတော်ပြင်းထန်တဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်လာခဲ့တာ ကြားရပါတယ်။ ပါတီအခြေခံစည်းမျဉ်းကို ရေးဆွဲရာမှာ ပါဝင်ခဲ့သူတစ်ဦးအနေနဲ့ရော အဲဒီအခြေအနေအပေါ်မှာ ဘယ်လို သဘောထားအမြင်ရှိပါသလဲ။ ဘယ်လိုမျိုး ပြန်သုံးသပ်မိပါသလဲ။
နိုင်ရဲဇော် - ပါတီ အခြေခံစည်းမျဉ်းကို ရေးဆွဲခဲ့စဉ်မှာလည်း မနိမ့်ခဲ့ဘူးပေါ့။ အဓိကကတော့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ၊ ဒီမိုကရေစီအောက်က လူ့အခွင့်အရေးပေါ့။ ဒီအရာကို အခြေခံပြီးတော့ ရေးဆွဲထားတယ်။ အမျိုးသားရေးလည်း ပါခဲ့တာပေါ့။ သို့သော် မနိမ့်ခဲ့ဘူး။ ကျွန်တော်တို့ရဲ့ မူဝါဒတွေ၊ အခြေခံစည်းမျဉ်းတွေဟာ နိမ့်တဲ့ အဆင့်မှာ မရှိခဲ့ဘူး။ သို့သော် ခုအခြေအနေမှာ ဒီလို သုံးသပ်ခြင်းခံလာရတာကလည်း လက်ရှိဖြစ်ပေါ်မှုတွေအပေါ် မူတည်ပြီးတော့ သုံးသပ်ခံရတာပေါ့။ ဒီဟာကို ကျွန်တော်တို့ကိုယ်တိုင်ကလည်း စဉ်းစားနေကြပါတယ်။ ဘယ်လို ပြန်ပြီးတော့ ဆယ်တင်ကြမလဲမပေါ့နော်။ စဉ်းစားချင့်ခြိန်တဲ့အခါမှာလည်း ဟိုဘက်က မြင်တဲ့ အမြင်တွေက မမှားနေဘူး။ ပြည်သူလူထုရဲ့ ဆန္ဒကို မျက်ကွယ်ပြုလိုက်တယ်၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေအပေါ်မှာ မျက်ကွယ်ပြုလိုက်တယ်ဆိုတဲ့ ပုံစံမျိုး သက်ရောက်နေတာပေါ့။ ကျန်တဲ့သူတွေကလည်း ကျွန်တော်တို့ပါတီအပေါ်မှာ ဘယ်လိုဖြစ်သွားလဲဆိုတဲ့အံ့ဩခြင်းမျိုးတော့ ရှိနေတယ်။ ကျွန်တော်တို့ ဘယ်လို ပြန်လုပ်ကြမလဲ ဆိုတာကလည်း ဆွေးနွေးတိုင်ပင်နေကြတာပေါ့နော်။ ညှိနှိုင်းနေကြတယ်။ ကျွန်တော်တို့ဘက်က လိုက်ခံစားနေရတဲ့ ကိစ္စတစ်ခု ဖြစ်နေတာပေါ့လေ။ ဒီလိုမျိုးဖြစ်သွားရတာသည် တကယ်တမ်းကျတော့ ကျွန်တော်တို့ ပါတီအပေါ်မှာ ဘာမှ အကျိုးရလဒ် ရှိမလာဘူး။ ပါတီထဲမှာ သဘောထား ကွဲလွဲပြီးတော့ အယူအဆတွေ တစ်ယောက်နဲ့ တစ်ယောက် ကွဲလွဲသွားတာပဲ အဖတ်တင်ကျန်ခဲ့တယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နားလည်မှုနဲ့ ယုံကြည်မှုတော့ ဟ သွားတာပေါ့။
မေး - မတ်လ ၁၅ ရက် အစည်းအဝေးဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပြီးတော့ကော မွန်ညီညွတ်ရေးပါတီရှေ့ရေးဟာ ဘယ်လိုမျိုးဖြစ်လာနိုင်ပါသလဲ။
နိုင်ရဲဇော် - ရုပ် ပုံသဏ္ဍာန်အနေနဲ့ မပြောင်းလဲသွားနိုင်ပေမဲ့ စိတ် ပုံသဏ္ဍာန်အနေနဲ့ ပြောင်းလဲသွားတာပေါ့။ မတူညီတဲ့ အတွေးအခေါ်တွေ ရှိနေခဲ့ပြီလို့ သုံးသပ်ရတာပေါ့။ ကြီးမားတဲ့ အမြင် အယူအဆတွေ ရှိနေခဲ့ပြီ ဒီတစ်ခု သုံးသပ်ရတယ်။ ဒါကို ကျွန်တော်တို့ ပြန်လည်ပြီးတော့ တည့်မတ်နိုင်မလား မတည့်မတ်နိုင်ဘူးလား ဆိုတာ တစ်ချက် အတွေးပေါ်တယ်။ ပြန်တည့်မတ်ဖို့ ဘယ်လို ကိစ္စရပ်တွေ ပြန် ဆောင်ရွက်မလဲပေါ့။ ဒီလိုပဲ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အတွေးအခေါ်တွေ ရှိတတ်ပေမဲ့ ကြီးမားတဲ့ သဘောထား ကွဲလွဲမှုမျိုး မဖြစ်အောင် ထိန်းသိမ်းထားနိုင်ရင်တော့ ကောင်းတာပေါ့။ သို့သော် အခုဟာ ကြီးမားတဲ့ သဘောထား ကွဲလွဲမှုတော့ ဖြစ်သွားတယ်လို့ ယူဆပါတယ်။ ဒါဟာ တော်တော်လေး ပြန်ပြီးတော့ ကြိုးစားပြီးတော့ ပြန်ပေါင်းထုပ်ရမယ့် ကိစ္စ ဖြစ်သွားမှာပေါ့။ မလွယ်တော့ မလွယ်ဘူး။ နားလည်မှု ရအောင် မနည်း ကြိုးစားရမှာပေါ့။
မေး - ဖြည့်စွက်ပြောလိုတာရှိရင် ကဏ္ဍအလိုက် ပြောပြပေးပါ။
နိုင်ရဲဇော် - ဖြည့်စွက်ပြောချင်တာကတော့ နစက,ကနေပြီးတော့ ပါတီကို တောင်းတဲ့ ကိစ္စက လွဲမှားတယ်လို့ ကျွန်တော် သုံးသပ်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့အနေနဲ့ ကိုယ်စားပြုစေချင်တယ်လို့ ပြောတယ်။ မွန်ပြည်နယ်ဆိုရင် မွန်ပေါ့။ အဲဒီမှာ ပါတီနဲ့ မသက်ဆိုင်တဲ့ လူတန်းစား အစုအဖွဲ့တွေ ရှိပါတယ်။ ရပ်မိရပ်ဖလိုမျိုးတွေ။ ဒီလူတွေကို သူတို့ တာဝန်ပေးသင့်တယ်။ အဲဒါဆိုရင် ဒီ ပြဿနာမျိုး မပေါ်ဘူး။ ပါတီကို လာတောင်းတဲ့ အခါကျတော့ ပါတီဟာ လုပ်မယ် မလုပ်ဘူးဆိုတာက ကျိန်းသေပေါက် ကွဲမှာပဲ၊ ဒါ ဘယ်ပါတီ မဆို။ ဒီ ကွဲပြားမှု ဒဏ်ကို ကျွန်တော်တို့ တိုင်းရင်းသားပါတီမှာ လာခံစားရတာပဲ။ အုပ်စုကွဲတဲ့ ဒဏ်ပေါ့နော်။ တစ်ဖက်က တွေးတာ အခွင့်အရေးပေါ့လေ၊ အခွင့်အလမ်းလို့ တွက်ရင် ရသလို အခွင့်အရေးလို့ တွက်လည်း ရတာပေါ့။ အခွင့်အရေးလေး ပေးလိုက်တဲ့အခါမှာ အယူအဆ မတူတာ ဖြစ်လာတယ်။ သဘောထား ကွဲလွဲတာ ဖြစ်လာရင် ပါတီမှာ အင်အား ယုတ်လျော့တာပဲ။ နံပါတ် (၁) အချက်က အဲဒီလို မလုပ်သင့်ဘူးလို့ ကျွန်တော်မြင်တယ်။ ဒီ ကောင်စီမှာ ထည့်သွင်းဖို့အတွက် ပါတီနဲ့ မဆိုင်တဲ့ ရပ်မိရပ်ဖလိုမျိုး တိုင်းရင်းသားကိုယ်စားလှယ်မျိုး သူတို့ဘာသာ သူတို့ ရှာထည့်ပြီးတော့ ကိုယ်စားပြုစေချင်တယ်ဆိုရင် ပြုခိုင်းလို့လည်း ရတာပဲ။ ပါတီက ကိုယ်စားလှယ် တောင်းလိုက်တာက သူတို့အနေနဲ့ အခွင့်အရေး ပေးလိုက်တယ်လို့ ယူဆပေမဲ့ ပါတီကိုတော့ ထက်ခြမ်းခွဲလိုက်တဲ့သဘောပဲ ဖြစ်သွားတယ်။ ဒါ မလုပ်သင့်ဘူးလို့ တစ်ချက်တွေးတာပေါ့နော်။ နောက်တစ်ချက်ကလည်း ပါတီအနေနဲ့ကလည်း ဒီကိစ္စက ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေးနဲ့ မပတ်သက်တဲ့အတွက် တတ်နိုင်သမျှ ကိုယ့်ဘက်ကလည်း ချင့်ချိန်ထိန်းသိမ်းနေသင့်တာပေါ့။ ဒီအပေါ်မှာ လုပ်လိုက်တဲ့အခါ ဒီကောင်စီရဲ့ Action တွေဟာ ပါတီတစ်ခုလုံး ပြန် ရိုက်ခတ်လာနိုင်တယ်။ ဒီ ကောင်စီရဲ့ ကောင်းခြင်း ဆိုးခြင်း တစ်ခုလုံးဟာ ပါတီတစ်ခုလုံး ပြန် ရိုက်ခတ်လာနိုင်တယ်။ ကောင်းခြင်း ဆိုးခြင်းနဲ့ Action တစ်ခုလုံး၊ ပြန်ရိုက်ခတ်မှုတစ်ခုလုံး၊ Reaction တွေအားလုံးကို ပါတီက ခံစားရလိမ့်မယ်။ ပါတီရဲ့ လမ်းကြောင်းအနေနဲ့ ဒါကလည်း မသွားသင့်ဘူးဆိုတာ သုံးသပ်သင့်တာပေါ့နော်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဒါကို အခွင့်အရေးကြီးဆိုပြီး သွားတဲ့အခါကျတော့ ပါတီရဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ၊ နောက် ရှေ့ဆက်ပြီးတော့ ရွေးကောက်ပွဲတွေ၊ ပြည်သူလူထုရဲ့ ကိုယ်စားပြုမှုတွေကို ဆောင်ရွက်တဲ့အခါကျရင် အထင်အမြင်လွဲမှားခံရမှု အများကြီး ဖြစ်သွားနိုင်တယ်။ ကိုယ့်ကို ထောက်ခံတဲ့သူက ဆန့်ကျင်တဲ့သူလည်း ဖြစ်သွားနိုင်တယ်။ ရှိရင်းစွဲ ကိုယ့်အိတ်ကပ်ထဲမှာ ၁၀၀ ရှိတယ်ဆိုရင် ၅၀ ပါသွားမယ်။ ဘာကြောင့်လဲဆိုတော့ ဒီအပေါ်မှာ လက်မခံနိုင်တဲ့ မဲဆန္ဒရှင်တွေလည်း ရှိနေတဲ့အတွက် ကိုယ့်မှာ မဲဆန္ဒရှင် ၁၀၀ ရှိခဲ့ရင် သေချာတယ်၊ အိတ်ကပ်ထဲက ၅၀ ပြန်ပါသွားမယ်။ ဒါကြောင့် ပြောချင်တာက ဒီ အပေါ်မှာ လက်ခံနိုင်တယ် လက်မခံနိုင်ဘူးဆိုတဲ့ မဲဆန္ဒရှင်တွေ ရှိနေတဲ့အတွက် ကိုယ့်အပေါ် ဆန့်ကျင်တဲ့သူတွေ မနှစ်သက်တဲ့ သူတွေလည်း ပို များလာနိုင်တယ်။ ပါတီဆိုတာ ပြည်သူလူထုက မနှစ်သက်ဘူးဆိုရင် သွားလို့ မရဘူး။ နောက်ဆုံးအချက်အနေနဲ့ ပြောရရင်တော့ ဒီဟာကို စဉ်းစားချင့်ချိန်တဲ့အခါမှာ (အစည်းအဝေးမှာ) မဲအရေအတွက်နဲ့ ဆုံးဖြတ်တာပေါ့နော်။ ဗဟိုကော်မတီမှာ အသက်က ဘာဖြစ်သွားလဲဆိုတော့ ‘ဟိုဘက်က ဘာပြောပြော ဒီဘက်က ဘာပြောပြော မဲခွဲကြမယ်ဟေ့’ဆိုပြီး၊ ဒါကလည်း မှားယွင်းတဲ့ လုပ်ထုံးလုပ်နည်းလို့ ကျွန်တော်က နောက်ဆုံးအချက်အနေနဲ့ ပြောချင်တယ်။
မေး - ဒါဆိုရင် အဲဒီလို အစည်းအဝေးမဲရလဒ်က ပါတီဝင်တွေရဲ့သဘောထား၊ မွန်ပါတီကို လေ့လာစောင့်ကြည့်နေသူတွေရဲ့ သဘောထားကို ကိုယ်စားမပြုဘူးဆိုတာမျိုး စွပ်စွဲချင်တာပါလား။
နိုင်ရဲဇော် - အဲဒီမှာ ကျွန်တော် ပြန်ပြောရမယ်ဆိုရင် အဆင့်ဆင့် ပြောပြမယ်၊ ဒါက အရေးကြီးတယ်။ နံပါတ် ၁ - ဒီ ပြဿနာသည် မဲခွဲဆုံးဖြတ်ရမယ့် ပြဿနာမဟုတ်ဘူး။ ဒါကို နံပါတ် ၁ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ ပြဿနာသည် အယူအဆနဲ့ ဝါဒရေးရာ အခြေခံတဲ့ ပြဿနာဖြစ်တယ်။ ဒါသည် လူနည်းနည်းက လက်ခံတယ်၊ လူများများက လက်ခံတယ်ဆိုတဲ့ ပြဿနာမဟုတ်ဘူး။ ပါတီရဲ့ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်လား မကိုက်လားဆိုတာကို ဆုံးဖြတ်ရမယ့် ပြဿနာဖြစ်တယ်။ ကျွန်တော်ပြောချင်တဲ့ ဥပမာက လူသတ်မှုကို မဲခွဲဆုံးဖြတ်လို့ မရဘူး။ လူသတ်မှု တစ်ခုကို ဥပဒေအရ အရေးယူမယ်ဆိုရင် ဥပဒေကြောင်းအရ သူသည် ပြစ်မှု မြောက် မမြောက်ပဲ စဉ်းစားရတာဖြစ်တယ်။ အဲဒီလူသတ်မှုကို လူငါးယောက် ရှိတယ်၊ ဘယ်နှယောက်က လူသတ်မှုနဲ့ ချမယ်လို့ ထောက်ခံတယ်၊ ဘယ်နှစ်ယောက်က မချဘူးလို့ ကန့်ကွက်တယ်ဆိုတာမျိုးနဲ့ လူသတ်မှုကို ဆုံးဖြတ်လို့ မရဘူး။ လူသတ်မှု တစ်ခု၊ ခိုးဝှက်မှုတစ်ခုကို ဆုံးဖြတ်တယ်ဆိုရင် သူက ဥပဒေကြောင်းအရပဲ ဆုံးဖြတ်ရတာ ဖြစ်တယ်။ အပြစ်ပေးမလား မပေးဘူးလား မဲခွဲဆုံးဖြတ်မယ်ဆိုရင် အဲဒါ မှားတယ်။ ဘာလို့လဲဆိုတော့ တချို့ လူသတ်မှုကို အားပေးတဲ့သူ ဖြစ်သွားလိမ့်မယ်။ ဒီကိစ္စမှာလည်း အဲဒီလိုမျိုး မဲခွဲဆုံးဖြတ်တာသည် မှားတယ်လို့ ကျွန်တော်က သုံးသပ်တယ်။ ဒါ အများက ခွဲဆိုတော့လည်း ကျွန်တော်တို့လည်း ခွဲရတာပေါ့နော်။ ကျွန်တော်ကလည်း ပါတီ ဝင်တစ်ယောက်ဖြစ်တဲ့အတွက် ပါတီက မဲခွဲဆုံးဖြတ်မယ်ဆိုရင် ကျွန်တော် ကန့်ကွက်လို့ မရဘူး။ သို့သော် ကျွန်တော့် အယူအဆအရတော့ ဒါ မဲခွဲဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး။ ပါတီရဲ့ မူဝါဒ စည်းမျဉ်းရေးရာ ကိစ္စဖြစ်တယ်။ အဲဒီတော့ ဒီကိစ္စသည် ပါတီရဲ့ မူဝါဒကို ကျုးလွန်ခြင်း ရှိမရှိဆိုတာကိုပဲ ကျွန်တော်တို့က မရ အရ ဆွေးနွေးဆုံးဖြတ်ရမှာ။ ပါတီရဲ့ မူဝါဒအပေါ်မှာ ကျူးလွန်တယ် မကျူးလွန်ဘူး ကျော်လွန်တယ် မကျော်လွန်ဘူးဆိုတာကိုပဲ ဆွေးနွေးဆုံးဖြတ်ရမှာ။ ကျော်လွန်တယ်ဆိုရင် မလုပ်ရဘူး၊ ဒါပဲ။ မဲခွဲစရာမလိုဘူး။ မဲခွဲဆုံးဖြတ်ရမယ့် တခြား ကိစ္စလည်း ရှိတယ်။ ဒါမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့်မို့လည်း Voting System ဆိုတာ ရှိနေတာပေါ့နော်။ ဒါကလည်း ရှိတယ်။ သို့သော် ကျွန်တော် မြင်တာက ဒီကိစ္စသည် မဲခွဲဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ဘူး။ အယူအဆနဲ့ စည်းမျဉ်းစည်းကမ်းအပေါ် အခြေတည်ပြီးတော့ စဉ်းစားဆုံးဖြတ်ရမယ်။ နောက်ပြီးတော့ မဲခွဲဆုံးဖြတ်ရာမှာ ပါဝင်နိုင်စွမ်းပေါ့။ တဝက်ကျော်တဲ့သူထဲမှာ တဝက်ကျော်တဲ့အတွက် အစည်းအဝေး အထမြောက်မယ်။ အဲဒီမှာမှ မဲထပ်ခွဲတယ်။ မဲ ထပ်ခွဲတဲ့အခါမှာ သဘောတခုက တဖက်က ၄၀ ရတယ်၊ တဖက်က ၂၀ ရတယ်ပေါ့နော် သဘောပြောပြတာ။ အဲဒီတော့ လာမတက်တဲ့ ဟိုဖက် တဝက်ကလည်း သူ့အယူအဆက ရှိနေသေးတယ်။ အဲဒီတော့ မဲခွဲဆုံးဖြတ်မယ်ဆိုတဲ့အခါမှာ ကိုယ်စားပြုသူတွေဟာ ဘယ်နှယောက် တက်နိုင်တာလဲ။ လူအများရဲ့ ဘယ်လောက်တက်နိုင်တာလဲ၊ တဝက်ကျော်ရုံနဲ့ပဲ တက်နိုင်သလား။ ဒါဆို မတက်နိုင်သူတွေရဲ့ ဆန္ဒကရော။ သူတို့မှ မတက်နိုင်တာဆိုပေမဲ့ သူတို့ ဆန္ဒ ဘာရှိသလဲ မဖော်ထုတ်နိုင်ဘူး၊ ဒါ တစ်ချက်နော်။ ကိုယ်စားပြုမှု၊ တက်လာသူတွေကရော၊ တက်လာတဲ့ ဗဟိုကော်မတီဝင် - CC ဆိုပါစို့၊ သူတို့ရဲ့ ရိုးရိုး ပါတီဝင်တွေ ရပ်ကျေးပါတီဝင်တွေ မြို့နယ်ပါတီဝင်တွေကို ဘယ်လောက်များ ကိုယ်စားပြုတဲ့ အယူအဆတွေ ယူလာခဲ့တာလဲ။ သူတို့ရဲ့ ပုဂ္ဂလိကဓိဌာန် အယူအဆနဲ့ပဲ ဒီမဲကို ထည့်တာလား၊ မြို့နယ်ပါတီဝင်တွေ မြို့နယ်အဖွဲ့ဝင်တွေရဲ့ အယူအဆကိုရော ရေရော ရေတွက်ခဲ့သေးရဲ့လား။ မေးရော မေးခဲ့သလား။ အဲဒီတော့ ကိုယ်စားပြုမှု Representative က ဘယ်လောက် ရှိနေတယ် မရှိဘူးဆိုတာက ? ဒီ အစည်းအဝေးမှာ တဝက်ကျော်ကျော်လေးနဲ့ သူ လုပ်နိုင်သေးတယ်၊ အဲဒီတော့ တခြားတဝက်မှာ၊ ထားပါတော့ ၃ ပုံ ၂ ပုံပဲ လုပ်နိုင်ရင် ၃ ပုံ ၁ ပုံက မပါဘူး၊ အဲဒီ မပါတဲ့ထဲမှာလည်း ကန့်ကွက်တဲ့သူ၊ ခု ပါတဲ့ထဲမှာလည်း လက်ခံတဲ့သူ လက်မခံတဲ့သူ၊ ဆိုတော့ ဒီ အစည်းအဝေး မဲအရေအတွက်က တကယ်တမ်း ကိုယ်စားပြုနိုင်စွမ်းက အရမ်း အားနည်းပါတယ်။ အဲဒီတော့ ကျွန်တော် နံပါတ် ၁ ပြောချင်တာက မဲခွဲဆုံးဖြတ်တာက မမှန်ဘူး။ နံပါတ် ၂ က မဲရလဒ်ကို အခြေပြု စဉ်းစားရင်လည်း လုံးဝ ပြီးပြည့်စုံ မှန်ကန်တဲ့ အဖြေတစ်ခု မဟုတ်ဘူး။ ဒါ ကျွန်တော် ပုဂ္ဂလိက ပြောတာပေါ့နော်၊ ပါတီအနေနဲ့ ပြောတာ မဟုတ်ဘူး။
Published
Monday, March 22, 2021
“ပါတီထဲမှာ သဘောထားကွဲလွဲပြီးတော့ အယူအဆတွေ တစ်ယောက်နဲ့တစ်ယောက် ကွဲလွဲသွားတာပဲ အဖတ်တင်ကျန်ခဲ့တယ်”