စစ်တပ်က နိုင်ငံတဝှမ်းရှိ စာသင်ကျောင်းနှင့် တက္ကသိုလ်ပရိဝုဏ် ၆၀ ကျော်တွင် တပ်စွဲထား

စစ်တပ်က နိုင်ငံတဝှမ်းရှိ စာသင်ကျောင်းနှင့် တက္ကသိုလ်ပရိဝုဏ် ၆၀ ကျော်တွင် တပ်စွဲထား

စစ်တပ်က အာဏာသိမ်းပြီးနောက် မတ် ၁၉ ရက်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၃ ခုရှိ စာသင်ကျောင်းနှင့် တက္ကသိုလ်ပရိဝုဏ် ၆၀ကျော်တွင် တပ်စွဲထားကြောင်း Save the Children၊ ယူနက်စကိုနှင့် ယူနီ ဆက်တို့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ထိုသို့ မြန်မာနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့များက ကျောင်းများတွင်တပ်စွဲထားခြင်းသည် ကလေးသူငယ်အခွင့် အရေးကို ကြီးလေးစွာချိုးဖောက်ခြင်းဖြစ်သည် ပူးတွဲကြေညာချက်ကို Save the Children၊ ယူနက်စကိုနှင့် ယူနီ ဆက်တို့က မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

မြစ်ကြီးနားရှိ ဇီးလွန် အထက ကျောင်းနှင့် တက္ကသိုလ်အတွင်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “တက္ကသိုလ်ထဲကို ဝင်တုန်းကဆိုရင်လည်း ပြည်သူတွေက လက်မ ခံဘူး။ သူတို့က လုံခြုံရေးအရလို့ပြောတယ်။ ကျနော်တို့က သူတို့ဝင်တာနဲ့ကို လုံခြုံရေးက မရှိတော့တာ။ မြစ်ကြီးနား ပြည်သူ့ဆေးရုံထဲမှာလည်း ဝင်နေတယ်လေ။ နောက်တစ်ခါ ဇီးလွန်မှာရှိတဲ့ အထကကျောင်းထဲကိုလည်း သူတို့ဝင်သေးတယ်။ တစ်ညအိပ်တယ်။ ပြည်သူက အဲ့ဒီညဆို အိပ်လို့တောင် မရတော့ဘူး။ ကျနော်တို့ကတော့ သူတို့ကို အဲ့လိုမျိုး ပြည်သူတွေနဲ့ဆိုင်တဲ့ ကျောင်းတွေ၊ ဆေးရုံတွေမှာ လုံးဝ မနေစေချင်ဘူး။ နောက်ပြီး ဘဏ်တွေမှာနော် ဒီနေ့ထိ စောင့်တယ်” ဟု ပြောသည်။

 

မတ် ၆ ရက်ကလည်း မြစ်ကြီးနား တက္ကသိုလ်ဝန်းအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်လာခဲ့သည့်အတွက် ပြည်သူများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်စဉ်တွင် ဖမ်းဆီးခံခဲ့ရသူ အနည်းဆုံး သုံးဦးရှိခဲ့သည်။

 

မြစ်ကြီးနားမြို့တွင် စစ်အာဏာသိမ်းပြီးနောက် အစိုးရရုံးများတွင် အာဏာသိမ်းစစ်ကောင်စီက တပ်စွဲထား သည်သာမက၊ ဘဏ်များ၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံများ၊ တက္ကသိုလ်တို့တွင် တပ်စွဲခဲ့ပြီး အခြေခံပညာ သင်ကြားရေးကျောင်းများတွင် ရံဖန်ရံခါ ဝင်ရောက်နေထိုင်ခြင်းများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

 

Save the Children၊ ယူနက်စကိုနှင့် ယူနီ ဆက်တို့၏ ထုတ်ပြန်ထဲတွင် “နဂိုကတည်းကပင် ကိုဗစ် - ၁၉ ကပ်ရောဂါနှင့် နေရာအနှံ့ ကျောင်းများပိတ်ထားကြရသည့် အကျိုးဆက်ကြောင့် ကြီးမားလှသော ဖိစီးမှု များကြုံနေကြရသည့် မြန်မာနိုင်ငံမှ ကလေးသူငယ်များနှင့် လူငယ်များ ၁၂ သန်းနီးပါးအတွက် ယင်းကဲ့သို့ ကိစ္စရပ်များသည် သင်ယူလေ့လာရေး အကြပ်အတည်းကို ပိုမိုဆိုးရွားသွားစေမည်ဖြစ်သည်” ဟု ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှစတင်၍ ယနေ့အချိန်ထိ ၎င်းတို့၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကျောင်းများ၊ တက္ကသိုလ်များတွင် တပ်စွဲထားသည်များ ရှိနေသည်။

 

ထို့ကြောင့် “လုံခြုံရေးတပ်ဖွဲ့များအား တပ်စွဲထားသော အဆောက်အအုံဥပစာများမှ ချက်ချင်းဖယ်ရှားပေးကြရန်နှင့် ကျောင်းများနှင့် ပညာရေးအဆောက်အအုံများကို စစ်တပ် သို့မဟုတ် လုံခြုံရေးဝန်ထမ်းများမှ အသုံးမပြုကြပါရန် ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုလိုက်သည်” ဟု ထုတ်ပြန်တောင်းဆိုထားသည်။

 

ဖြစ်ရပ်တစ်ခုတွင် လုံခြုံရေးတပ်ဖွဲ့များသည် အဆောက်အအုံ ဥပစာများအတွင်း ဝင်ရောက်ချိန်တွင် ဆရာ/ ဆရာမနှစ်ဦးအား ရိုက်နှက်ပြီး အခြားလူပေါင်းများစွာကို ထိခိုက်ဒဏ်ရာများ ရရှိစေခဲ့သည်ဟု သိရှိရသည်။ ဆေးရုံများအပါအဝင် အခြားအများပြည်သူပိုင်အဆောက်အအုံများတွင်လည်း တပ်စွဲထားကြသည်။

 

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူညီစာချုပ် (CRC)၊ မြန်မာနိုင်ငံ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် အမျိုးသားပညာရေးဥပဒေနှင့် အမျိုးသားပညာရေး ဥပဒေတို့အရ ယခုလုပ်ရပ်များသည် ကလေးသူငယ်များ၏ အခွင့်အရေးများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ရာရောက်သည့်အတွက် မည်သည့်အခြေအနေမျိုးတွင်မဆို ကျောင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အသုံးမပြုဖို့ တောင်းဆိုထားသည်။

 

မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့် လူငယ်များ၏ အခွင့်အရေးများအားလုံးကို စောင့်ထိန်းလိုက်နာရမည့်ဝတ္တရားများကို လုံခြုံရေးတပ်ဖွဲ့များအားလုံးက စောင့်ထိန်းလိုက်နာရန် သတိပေးလိုက်ရပြီး အမြင့်ဆုံး ကန့်သတ်ထိန်းချုပ်မှုကို ကျင့်သုံးရန်နှင့် ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်းများ၊ ကျောင်းသားများနှင့် အခြားအများပြည်သူပိုင် အဆောက်အအုံများကို သိမ်းပိုက်ခြင်းနှင့် ဝင်ရောက်နှောင့်ယှက်ခြင်း ပုံစံမျိုးစုံကို အဆုံးသတ်ရန် Save the Children၊ ယူနက်စကိုနှင့် ယူနီဆက်တို့က တောင်းဆိုထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...