ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တွင် မတ် ၁၉ ရက် မနက် ၁၁ နာရီ ၁၅ မိနစ်က ဆန္ဒထုတ်သူပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက လာရောက်ဖြိုခွဲခဲ့ရာ ကျည်အစစ်ထိမှန်သူ နှစ်ဦးရှိခဲ့ပြီး တစ်ဦးသေဆုံးသွားကြောင်း သိရသည်။
“ပစ်တာ ၁၅ ချက်လောက်ရှိမယ်။ လူတယောက်ကိုတော့ဖမ်းသွားတယ်။ တစ်ယောက်ကတော့ ပေါင်ထိသွားတယ်။ နှစ်ယောက်တော့ထိတယ်လို့ ပြောတယ်” ဟု မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့သူတစ်ဦးကပြောသည်။
သေနတ်ကျည်အစစ်ထိမှန်သူ တစ်ဦးကို ကြက်ခြေနီကားဖြင့် သယ်ထုတ်သွားကြကာ ဆေးရုံရောက်ရှိခဲ့သော်လည်း ခွဲစိတ်မှုမပြုလုပ်ခင် သေဆုံးသွားခဲ့ကြောင်းနှင့် သေဆုံးသူမှာ အသက် ၄၇ နှစ်အရွယ် ဦးဆန်းပု (ခ) ဦးကြံ့အောင်ဖြစ်ပြီး ကျည်စစ်ထိမှန်သူနောက်တစ်ဦး ကျန်းမာရေးဌာနမှအမျိုးသမီးဝန်ထမ်းတစ်ဦးဖြစ်ကာ ပေါင်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။
ယင်းနေ့တွင် မိုင်းလုံးရပ်ကွက်က ဆန္ဒပြသောနေရာများကို စစ်တပ်နှင့်ရဲများက ထိုသို့ အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းနှင့်အတူ လမ်းများပိတ်ဆို့ထားမှုကိုလည်း စက်ယန္တာယားများဖြင့် ရှင်းလင်းခဲ့ကြောင်း သိရသည်။
Published
Friday, March 19, 2021
လွိုင်ကော်တွင် ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းမှုကြောင့် တစ်ဦးသေဆုံး