ကချင်ပြည်နယ် သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီး ဦးဒါရှီလဆိုင်းအမှုကို စတင်စစ်ဆေး

ကချင်ပြည်နယ် သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီး ဦးဒါရှီလဆိုင်းအမှုကို စတင်စစ်ဆေး
by -
မွန်းမွန်းပန် (MNJ)

ကချင်ပြည်နယ် သံယဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းအမှု တရားလိုဖြစ်သူကို စတင်စစ်ဆေးမှု ယနေ့ (မတ် ၁၇ ရက်) မနံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ အမှုတွင် တရားလိုဖြစ်သူ မြစ်ကြီးနားမြို့နယ် ဒုတိယမြို့နယ်မှူး ဦးမင်းရန်နိုင်ထွန်းက ထွက်ဆိုချက်များပေးပြီး ဦးဒါရှီလဆိုင်းအား ဖေဖော်ဝါရီ ၉ ရက်က လူမှုကွန်ရက်ပေါ်တင်ထားသည့် ထုတ်ပြန်စာကို သက်သေခံသွင်းခဲ့ကြောင်း သိရသည်။ 

 

“အဲဒါကိုသက်သေခံအဖြစ်သွင်းတာက လက်မခံသင့်ဘူးဆိုပြီး ပုဒ်တွေတွေနဲ့ တင်ပြခဲ့တယ်။ တရားလိုဘက်က ဥပဒေအရာရှိကတော့ လက်ခံသင်ကြောင်းတင်ပြတယ်။ တရားသူကြီးကတော့ လက်ခံကြောင်း အမိန့်ချခဲ့ပါတယ်” ဟု ဦးဒါရှိလဆိုင်းဘက်မှ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးကပြောသည်။ 

 

ထို့နောက် မတ် ၂၃ ရက်တွင် ရုံးချိန်းပြန်လည် သတ်မှတ်ခဲ့ကာ သက်သေခံတင်သွင်းထားသည့် စာနှင့်ပတ်သက်ပြီး လျှောက်လဲချက်ကို အဆိုပါနေ့မတိုင်ခင် စွပ်စွဲခံရသူ ဦးဒါရှီလဆိုင်း၏ ရှေ့‌နေဘက်မှ ခရိုင်တရားရုံးကို တက်ထား ရမည်ဖြစ်ကြောင်း သိရသည်။ 

 

“၂၃ ရက်မတိုင်ခင် ခရိုင်တရားရုံးကို တက်ထား။ ခရိုင်တရားရုံးက ဆင့်ခေါ်ရင်ခေါ် မခေါ်ရင် ၂၃ ရက်မှာ မြို့နယ်မှာပဲ ဆက်စစ်မယ်” ဟု ရှေ့နေ ဦးသက်ထွန်းဦးက ဆိုသည်။ 

 

တရားလိုဘက်မှ တင်သွင်းသည့် သက်သေခံစာသည် မူရင်းစာမဟုတ်ဘဲ Facebook စာမျက်နှာပေါ်က စာကို မိတ္တူကူယူထားသည့် စာမှတ်စာတမ်းသာဖြစ်သည့်အတွက် တရားရုံး၏ ကျင့်စဉ်များနှင့် မကိုက်ညီခြင်းကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်းလည်းဦးသက်ထွန်းဦးကဆက်လက်ပြောသည်။ 

 

လက်ရှိတရားစွဲခံထားရသူ ဦးဒါရှီလဆိုင်းသည် ဖေဖော်ဝါရီ ၉ ရက်နေ့စွဲဖြင့် ၀န်ကြီးချုပ်ကိုယ်စား ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အောက်ရှိ ဦးစီးဌာန အဖွဲ့အစည်းများနှင့် လက်အောက်ခံရုံးဌာန အသီးသီးမှ သက်ဆိုင်ရာ အရာရှိ/အရာထမ်းများအားလုံး အစိုးသစ်ဖွဲ့စည်းပြီးသည်အထိ ရုံးပိတ်ရက်သတ်မှတ်ကြောင်း၊ တပ်မတော်မှ ဥပဒေမဲ့ အာဏာသိမ်းခြင်းအပေါ် ရဲ၀င့်စွာဖီဆန်၍ ဆုံးဖြတ်ချက်ပြတ်သားသူ ပြည်သူ့၀န်ထမ်းများအား အလေးနက်ထား မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ပါရှိသည်။ 

 

ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းကြောင့် ဦးဒါရှီလဆိုင်းအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ 

 

ယင်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင် ပြည်နယ်ဥက္ကဌ ဦးမြသိန်းကို မတ်လ (၁၆) ရက်နေ့က သွင်းကုန်/ပို့ကုန်ဆိုင်ရာဥပဒေပုဒ်မ (၈) ဖြင့် မြစ်ကြီးနားမြို့နယ်တရားရုံးတွင်လည်းကောင်း၊ လူမှုရေးဝန်ကြီးဦးနေဝင်းကိုလည်း မတ်လ (၁၅) ရက်နေ့က သဘာဝဘေးအန္တရာယ်စီမံခန့်‌ခွဲ‌ရေးဆိုင်ရာဥပဒေပုဒ်မ (၂၅) ဖြင့် မြစ်ကြီးနားမြို့နယ်တရားရုံးတွင်လည်းကောင်း တရာစွဲဆိုထားကြောင်းလည်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...