ပရဟိတ စေတနာ့ဝန်ထမ်းနှစ်ဦးကို ထောင်ဒဏ်တစ်လစီချမှတ်

ပရဟိတ စေတနာ့ဝန်ထမ်းနှစ်ဦးကို ထောင်ဒဏ်တစ်လစီချမှတ်
by -
စိုင်းထွန်းစံ (MNA)

ကျိုက္ခမီမြို့ ဟိတကာရီ ပရဟိတအသင်း စေတနာ့ဝန်ထမ်းနှစ်ဦး ပုဒ်မ ၁၈၈ ဖြင့် စွဲချက်တင်ခံရပြီး သံဖြူဇရပ်မြို့နယ်တရားရုံးက ထောင်ဒဏ်တစ်လစီ ချမှတ်ခံရကြောင်း သိရသည်။

ကျိုက္ခမီမြို့ ဟိတကာရီ ပရဟိတအသင်း စေတနာ့ဝန်ထမ်းနှစ်ဦးဖြစ်သော အောင်နိုင်စိုး (ခ) ကိုတရုတ်နှင့် အောင်လင်းထက် (ခ) ကိုဝတုတ်တို့သည် ပြီးခဲ့သည့် မတ် ၁၀  ရက်ညပိုင်းက ပိုးထိလူနာတစ်ဦးအား မော်လမြိုင်မြို့ ကုတင် ၃၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ပြီးပြန်လာစဉ် ကျိုက်ခမီမြို့အဝင် ရာမာန်ဆီဆိုင်၌ စစ်သားများက ခေါ်ဆောင်ခဲ့ပြီးနောက် ၎င်းတို့၏ဖုန်းအတွင်း နိုင်ငံရေးဓါတ်ပုံ စာသားများတွေရှိသည်ဟုဆိုကာ သံဖြူဇရပ် မြို့နယ်တရားရုံးတွင် တရားစွဲဆိုခံရခြင်းဖြစ်ပြီး ပုဒ်မ ၁၈၈ ဖြင့် စွဲချက်တင်ခံရကာ မတ် ၁၅ ရက်က ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အစတုန်းက သူတို့က ၅၀၅ (က) နဲ့စွဲမယ်လိုတော့ ပြောလာတယ်၊ ၅၀၅ ဆိုတော့ သိတဲ့အတိုင်းပဲထောင်ဒဏ်တွေက နှစ်နဲ့ချီတယ်ဆိုတော့၊ အဲဒါနဲ့ နောက်တစ်ခေါက်စဉ်းစားပေးဖို့ ဒီအောက်ကလူကြီးတွေကို မေတ္တာရပ်ခံပေးဖို့ အကူညီတောင်းလိုက်တော့ လူကြီးတွေက သွားပြောပေးတယ်၊ ပုဒ်မ ၁၈၈ လျှော့ပေးလိုက်တော့ ခုလိုထောင်ကျသွားတယ်ဆိုပါတော့ဗျာ” ဟု ဟိတကာရီပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရာဇသတ်ကြီးပုဒ်မ-၁၈၈အရ ပြည်သူ့ဝန်ထမ်းကထုတ်ပြန်သည့် အများပြည်သူနှင့်သက်ဆိုင်သောအမိန့်ကို ဖီဆန်လျင် တစ်လထိအလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ ကျပ်နှစ်သောင်းထိငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် လူနာတင်ယာဉ်များ နေ့ဘက်သွားလာရာတွင် ရဲစခန်းထောက်ခံစာ၊ ဆေးရုံမှလွှဲစာ၊ မည်သည့်ဆရာဝန်မှလက်ခံကြောင်း၊ ကားနံပါတ် အသင်းအဖွဲ့အမည်၊ အမှန်တကယ်သွားရောက်ပြသခဲ့ကြောင်း ထောက်ခံစာအပြည့်အစုံရှိသော်လည်း စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်အာဏာသိမ်းထားသည့် ကာလတွင်း လူ့အခွင့်အရေးဆိုင်ရာ ပုဒ်မများဖြစ်သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပါ ပုဒ်မ ၃ ခု ကိုလည်း ခေတ္တဆိုင်းငံ့ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာထားသည်။

လတ်တလောနိုင်ငံရေးအခြေအနေကြောင့် ည ၈ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ကို သံဖြူဇရပ်မြို့နယ်အပါအဝင် မော်လမြိုင်၊ ရေး၊ ချောင်းဆုံ၊ ပေါင်နှင့် ဘီးလင်းမြို့တို့တွင် ထုတ်ပြန်ထားသည်။ 

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...