ကန့်ကွက်မှုများရှိနေသော်လည်း အာဏာသိမ်းစစ်ကောင်စီတွင် ဆက်လက်ပါဝင်သွားရန် MUP ဆုံးဖြတ်

ကန့်ကွက်မှုများရှိနေသော်လည်း အာဏာသိမ်းစစ်ကောင်စီတွင် ဆက်လက်ပါဝင်သွားရန် MUP ဆုံးဖြတ်
by -
စိုင်းထွန်းစံ (MNA)

အာဏာသိမ်းစစ်ကောင်စီတွင် ဆက်လက်ပါဝင်ရန်နှင့်ပတ်သက်၍ မတ် ၁၅ ရက်က သံဖြူဇရပ်မြို့တွင် မွန်ညီညွတ်ရေးပါတီ (MUP) က ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ကျင်းပပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ သုံးပုံနှစ်ပုံကျော်ရရှိခဲ့ကြောင်း သိရသည်။ 

ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးက “မနေ့က ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးလုပ်တယ်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ချမှတ်ထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်နေတဲ့ကိစ္စကို ဗဟိုကော်မတီအစည်းဝေးမှာ ပြန်ပြီးတော့ ဆွေးနွေးကြတယ်။ ဗဟိုကော်မတီဝင် အများစုက ကောင်စီမှာပါဝင်ဖို့ လက်ခံတယ်။ အပြီးသတ်မဲခွဲတော့ ကော်မတီဝင် အများစုက ထောက်ခံကြတယ်”ဟု ပြောသည်။ 

အစည်းအဝေးတက်ရောက်သူ ဗဟိုကော်မတီဝင် ၉၀ ဦးအနက် ပျက်ကွက်သူ လေးဦး၊ ကန့်ကွက်မဲ ၂၆ မဲနှင့် ထောက်ခံမဲ ၆၀ တို့ဖြင့် ဗဟိုအလုပ်အမှုဆောင်၏ ယခင်ဆုံးဖြတ်ချက်ကို ဆက်လက်အတည်ပြုခဲ့သည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကမ်းလှမ်းချက်ကို MUP လက်ခံကြောင်း ပြီးခဲ့သည့်ဖေဖော်ဝါရီ ၆ ရက်က ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အရေးပေါ် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

သို့ရာတွင် MUP တာဝန်ပေးအပ်ခဲ့သော ဒေါက်တာဗညားအောင်မိုးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရွေးချယ်ခန့်အပ်ခြင်းမပြုဘဲ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် MUP တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမအား နစကကောင်စီက ခန့်အပ်တာဝန်ပေးခဲ့သည်။

“ကျွန်တော်တို့အတွေ့အကြုံအရ အခုလိုအချိန်မှာ အတိုက်အခံအဖြစ် ဆန့်ကျင်သွားမယ်ဆိုရင် မွန်အမျိုးသား ထုတွေကြားမှာ အသက်အန္တရယ်တွေ သွေးထွက်သံယိုမှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်လို့ အခုလိုစစ်ကောင် စီမှာပါဝင်သွားဖို့ ရွေးချယ်လိုက်တာပါ။ ကျွန်တော်တို့ပါတီအပေါ် နားလည်ပေးကြပါ။ စိတ်အေးအေးထားကြပါလို့ ပြောချင်ပါတယ်” ဟု မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်တာဝန်ပေးခြင်းခံရသူ နိုင်လယိတမက မွန်သတင်းအေဂျင်စီနှင့် ယခင်အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

အလားတူ လက်ရှိဖြစ်ပွားနေသည့်နိုင်ငံရေးပြဿနာအား အင်အားသုံး၍ အကြမ်းဖက်ဖြေရှင်းသည့်နည်းလမ်းကို အားမပေးကြောင်းနှင့် နိုင်ငံရေးနည်းလမ်းဖြင့်သာ ထွက်ပေါက်ရှာဖွေကြရန် မွန်ပြည်သစ်ပါတီက သဘောထား ထုတ်ပြန်ခဲ့သည်။

ထို့အတူ နိုင်ငံရေးပြဿကို နိုင်ငံရေးနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်း ဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဥ်ကျေးမှုကို နှလုံးသွင်း၍ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးကို ရှေုးရှုလျက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားပြီး အင်အားစုအားလုံးက ကြိုးပမ်းဆောင်ရွက်သွားကြပါရန် ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ညီညွတ်ရေးပါတီတို့က စစ်အာဏာသိမ်းမှုအပြီး ဖေဖော်ဝါရီ ၅ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...