မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် ပြည်ပသို့ ငါးတင်ပို့မှုရပ်တန့်ကာ မွန်ပြည်နယ်မှ ငါးလုပ်ငန်းအားလုံးနီးပါး ရပ်ဆိုင်းထားရ

မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် ပြည်ပသို့ ငါးတင်ပို့မှုရပ်တန့်ကာ မွန်ပြည်နယ်မှ ငါးလုပ်ငန်းအားလုံးနီးပါး ရပ်ဆိုင်းထားရ
by -
စိုင်းထွန်းစံ (MNA)

ကိုဗစ်ကာလစီးပွားရေးရိုက်ခတ်မှုနှင့်အတူ မြန်မာ့နိုင်ငံရေးအခြေအနေများကြောင့် ပြည်ပသို့ငါးတင်ပို့မှု ရပ်တန့်သွားသောကြောင့် မွန်ပြည်နယ်ငါး လုပ်ငန်းအားလုံးနီးပါး ရပ်ဆိုင်းထားရကြောင်း ငါးလုပ်ငန်းရှင်များက ပြောသည်။

တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကိုအဓိကတင်ပို့ရာတွင် ငွေကြေးလည်ပတ်မှုအခက်အခဲအပြင် စက်သုံးဆီဈေးမြင့်တက်လာမှုကြောင့် တွက်ခြေမကိုက်တော့ကြောင်း ကျိုက္ခမီမြို့မှ ငါးလုပ်ငန်းရှင် ဦးသက်ဝင်းပိုင်က ပြောသည်။

“Export ကတော့လုံဝရပ်သွားပြီးပေါ့နော်။ ပြည်တွင်းမှာပဲ လုပ်နေရတယ်။ ငါးခြောက်လုပ်တယ်။ ရေခဲငါးလုပ်ပြီးတော့ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်လောက်တော့ လည်ပတ်နေတာပေါ့။ Export ငါးတွေက ငါးခြောက်ဖြစ်ကုန်တော့ ဈေးလည်းမရတော့ဘူး။ နောက်လကုန်လောက်ဆိုရင် လုပ်ငန်းအားလုံး အပြီးသိမ်းဆည်းကြတော့မယ်” ဟု ဦးသက်ဝင်းပိုင်က ဆက်ပြောသည်။

ယင်းသို့ ငါးလုပ်ငန်းရပ်ဆိုင်းသွားမည့်အချိန်တွင် မွန်ပြည်နယ်အတွင်းရှိ ငါးလုပ်သား နှစ်သောင်းခန့် အလုပ်လက်မဲ့ဖြစ်ပေါ်လာမည့်အနေအထားတွင်ရှိနေပြီး ဒေသခံငါးလုပ်သားများကိုသာ ငါးလုပ်ငန်းရှင်အများစုက ဆက်လက်ထောက်ပံ့သွားနိုင်မည်ဖြစ်သည်။

မွန်ပြည်နယ် ငါးလုပ်ငန်းဥက္ကဌ ဦးမြင့်စိုးက “ကိုဗစ်ကာလပြီးသွားတော့ နိုင်ငံရေးအခြေအနေကလည်း ခုလိုဖြစ်သွားတော့ ငါးလုပ်ငန်းကတော်တော်လေးကို အထိနာသွားတယ် နောက်ငါးဖမ်းရာသီရောက်ရင် ပြန်လည်မရပ်တည်နိုင်ကြမှာကို စိုးရိမ်မိတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် ငါး၊ပုဇွန်သားပေါက်ကာလဖြစ်သည့် မေလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ငါးမဖမ်းရရာသီကာလဖြစ်ပြီး သြဂုဏ်လ ၁ ရက်နေ့မှစတင်၍ နှစ်စဉ်ပုံမှန် ငါးဖမ်းဆီးခွင့်ပြုကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

မွန်ပြည်နယ်၏ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ် ၁၀၀၀ ကျော်ခန့်မှ ဖမ်းဆီးရရှိသည့် ငါးများကို မော်လမြိုင် ငါးအဝယ်ဒိုင်ကြီးများထံတင်ပို့ပြီး ၎င်းတို့မှတစ်ဆင့် မွန်ပြည်နယ် (၁၀) မြို့နယ်သို့ ရောင်းချနေသည့်အပြင် ရန်ကုန်သို့လည်း တင်ပို့နေကြောင်း သိရသည်။

လတ်တလော ဆက်လက်ဖြစ်ပေါ်နေသော စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အရှိန်အဟုန်မြင့်တက်လျက်ရှိနေသလို ကိုဗစ်ကာလကြောင့် မြန်မာ့စီးပွားရေးလုပ်ငန်းအများစုသည်လည်း ပြန်လည်နာလံမထူနိုင်သည့် ယခုကာလတွင် ဘဏ်လုပ်ငန်းများနှင့် ပို့ကုန်သွင်းကုန်များလည်း ရပ်တန့်လျက်ရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...