ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း တပ်မတော်သားများက တာဝန်အရဟုဆိုကာ ဝင်ရောက်နေရာယူထားပြီး တီးတိန်မြို့ရှိ လူငယ်များကလည်း အခြေအနေစောင့်ကြည့်နေကြကြောင်း သိရသည်။
တီးတိန်မြို့ ဒေသခံတစ်ဦးက “ကျွန်တော်တို့ ကြားသလောက်တော့ မနေ့ကလည်း ဆေးရုံမှာအိပ်သလိုကြားတယ် သူတို့ ဘယ်ချိန်အိပ်လဲဆိုတာ မသိဘူး လူငယ်တွေလည်း ကင်းလှည့်တဲ့အချိန်မှာ မရှိသေးတာလား၊ မတွေ့သေးတာလားမသိဘူး ဒီမနက်ကြတော့ နှစ်ခါသုံးခါလောက်လာတယ်လို့ သတင်းကြားလို့ စိတ်ပူပြီး လာကြည့်တာ တပ်က ၄ ယောက် ၅ ယောက်လားမသိ လက်နက်အပြည့်အစုံနဲ့ တာဝန်အရဆိုပြီး ဒီမှာလာနေတယ်၊ ကျွန်တော်တို့ လူငယ်တွေက သဘောမကျဘူး ဆေးရုံဝင်းထဲမှာ လက်နက်ကိုင်ဆောင်တာ မကောင်းဘူးလေ၊ လောလောဆယ် တပ်ကလည်း ဒီတိုင်းနေတယ်၊ အနားမှာလည်း လူငယ်တွေကစောင့်နေတယ် အခြေအနေကတော့ ဒီအတိုင်းပဲ၊ ပုံစံကြည့်ရတာ တပ်ကလည်း သူတို့တာဝန်အရဆိုပြီး မပြန်ချင်တဲ့ပုံစံပဲ၊ ကျွန်တော်တို့ တီးတိန်ကလည်း အေးချမ်းနေတဲ့အချိန်မှာ ဆေးရုံဝင်းထဲထိလာတာဆိုတော့ လူငယ်တွေစိတ်ပူတာပေါ့ တခြားမြို့တွေလို ဆေးရုံထဲမှာ လာတပ်ဆွဲရင် ပြဿနာပဲ” ဟု ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ ခရိုင်ပြည်သူ့ဆေးရုံဝင်းတွင်လည်း မတ် ၈ ရက် မွန်းလွဲပိုင်းက တပ်မတော်ကတပ်စွဲရန် ရောက်ရှိလာသော်လည်း ပြည်သူလူထုက ဆန္ဒပြမောင်းထုတ်ကြသည့်အတွက် ပြန်လည်ထွက်သွားခဲ့ကြသည်။
Published
Tuesday, March 09, 2021
တီးတိန်မြို့ ပြည်သူ့ဆေးရုံအတွင်း စစ်သားများဝင်ရောက်၊ တီးတိန်လူငယ်များက အခြေအနေစောင့်ကြည့်နေ