ဖေဖော်ဝါရီ ၂၈ ရက်က ဖမ်းဆီးခံထားရသည့် လီဆူအနုပညာရှင် ယောတီဖာကို ဖမ်းဆီးထိန်းသိမ်းထားသည့်နေရာအား ယနေ့ထိ မသိရသေးဟု လီဆူလူငယ်များက ပြောသည်။
“ကျွန်တော်တို့ အကူညီတောင်းထားတဲ့ရှေ့နေတွေ ကိုယ်တိုင်က ကျွန်တော်တို့ကို တိတိကျကျမပြောပြဘူး။ အဆင်ပြေတယ်ဆိုတဲ့ အကြောင်း ခြေလွန်လက်လွန်မဖြစ်ထားဘူးဆိုတဲ့အကြောင်း သူတို့လည်း အဲလောက်ဘဲပြောပြလို့ရတယ်လို့ပြောပြီး အဲမှာဘဲရပ် ထား တယ်။ပြီးတော့ ပထမတစ်ခေါက်ပြောတာတော့ ရိပ်သာလို့ပြောတယ်။ ခုဒီရက်ပိုင်းပြန်ကြားတာတော့ ထောင်ထဲပို့ လိုက်ပြီ လို့ ပြန်ကြားတယ် အတိအကျမသိရသေးဘူး”ဟု အမည်မဖော်လိုသည့် လီဆူလူငယ်တစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသည့်ည နောက်ရက်တွင် KNG သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ မျက်မြင်တစ်ဦး၏ တွေ့ရှိချက်အရ ယောတီဖာအား လာရောက် ဖမ်းဆီးချိန်တွင် စစ်သားဝတ်စုံဝတ်ဆင်ထားသူ တစ်ဦးနှင့် အရပ်ဝတ်လူအချို့တို့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ် သည်ဟု ပြောသည်။
သို့သော် လက်ရှိချိန်တွင် လီဆူမှတာဝန်ရှိလူကြီးများ၊အရပ်ဘက်အဖွဲ့အစည်းများမှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ရဲတပ်ဖွဲ့သို့မေးမြန်းရာ ၎င်းတို့မှဖမ်းဆီးထားခြင်းမရှိကြောင်း ပြောသည်ဟု အမည်မဖော်လိုသူ ယင်းအမှုအားလိုက်ပါကူညီဆောင် ရွက်ပေးနေသည့် လူငယ်တစ်ဦးကဆိုသည်။
“ကျွန်တော်တို့နဲ့ရင်းနှီးတဲ့ လီဆူလူမျိုးထဲက ခေါင်းဆောင်တွေတစ်ချို့အရပ်ဘက်အဖွဲ့က စုံစမ်းခိုင်းတဲ့ချိန်တော့လည်း မြောက်ပိုင်း တိုင်း ကလည်း သူတို့မဖမ်းဘူး၊ရဲကိုသွားမေးတော့ သူတို့မသိဘူးဘဲပြောတယ် နောက်ပိုင်းကျတော့ ထောက်လှမ်းရေးအဖွဲ့တွေ ထိန်းသိမ်းတယ်လို့ပြောတယ်။ဘာလို့လဲဆိုတော့ ယောတီဖာကတော့ NLDအောင်နိုင်ရေး စကတည်းက အနုပညာနည်းလမ်းအရ ရော၊ ပြီးခဲ့တဲ့ ပူတာအိုမှာဆန္ဒထုတ်ဖော်ပွဲတွေမှာကော ပါဝင်ပတ်သက်ခဲ့လို့ထင်တယ်”ဟု လူငယ်တစ်ဦးကပြောသည်။
ဖမ်းဆီးခံထားရသည့် လီဆူအနုပညာရှင်ပြန်လည်လွတ်မြောက်ရေး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) နှင့် ကချင်ပြည်နယ်ရှေ့နေများအသင်းများ ကို တောင်းဆိုထားကြောင်း လည်း သိရသည်။
လီဆူအနုပညာရှင် ယောတီဖာအား ဖေဖော်ဝါရီ ၂၈ ရက်နေ့ည ၁၂ နာရီဝန်းကျင်တွင် ရမ်ပူရပ်ကွက် နယ်မြေ ၂၄ ၎င်း၏ နေအိ်မ်မှလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး မတ် ၆ ရက်ထိ တစ်ပတ်ခန့်ရှိလာပြီဖြစ်သည်။