ရခိုင်ပြည်နယ်တွင် ဖမ်းဆီးခံရသူ ၂၀ ၌ အမ်းဒေသခံခုနစ်ဦးသာ ပြန်လွတ်သေး

ရခိုင်ပြည်နယ်တွင် ဖမ်းဆီးခံရသူ ၂၀ ၌ အမ်းဒေသခံခုနစ်ဦးသာ ပြန်လွတ်သေး
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်တွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် ပေါ်ပေါက်ခဲ့သည့် ဆန္ဒပြမှုအတွင်း ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ၂၀ ခန့်ရှိပြီး အမ်းမြို့မှ ခုနစ်ဦး ပြန်လွတ်မြောက်လာခဲ့ကာ မျိုးသမီးတစ်ဦးအပါအဝင် ၁၃ ဦးဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံထားရသူ ၁၃ ဦးမှာ သံတွဲမြို့နယ်မှ ကိုအောင်ခိုင်မင်း၊ မမြဝင်း၊ ကိုရန်ပိုင်ထွေး၊ ဦးခင်မောင်၊ တောင်ကုတ်မြို့နယ်မှ ကိုဇော်ဝင်းအောင်၊ ဦးခင်လှ၊ ကိုချစ်မောင်မောင်၊ ကိုသန့်ဇင်ဖြိုး၊ ဂွမြို့နယ်မှ ကိုနိုင်လင်း၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုအောင်စိုးမင်း၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီ၊ မာန်အောင်မြို့ နယ်မှ ဦးကျော်ဆွေနှင့် ဦးဝင်းနိုင်တို့ဖြစ်ကြကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။

၎င်းတို့သည် ဖေဖော်ဝါရီ ၁ ရက်နေ့ ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ညနေပိုင်းအတွင်း ဖမ်းဆီးခံခဲ့ကြ ရသူများဖြစ်ကြောင်း သိရသည်။

မျိုးဆက်သစ် (Generation) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသန်းလှက“ သူတို့မိသားစုတွေနဲ့တော့ အဆက်အသွယ် ရကြပါတယ်။ ပုဒ်မတပ်ပြီး ဖမ်းဆီးခံထားရတာလည်းရှိပါတယ်။ ကျွန်တော်တို့နဲ့တော့ အဆက်သွယ်ရဖို့ကြိုးစား နေပါတယ်။ အမ်းက ခုနစ်ယောက်ကတော့ လွတ်သွားပါပြီ” ဟု ပြောသည်။

အဆိုပါ နာမည်စာရင်းသည် ဆန္ဒပြ၍ ဖမ်းဆီးခံခဲ့ရသူများစာရင်းဖြစ်ပြီး နိုင်ငံရေးနှင့် ဆက်နွယ်၍ ဖမ်းဆီးခံထားရ သည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ တောင်ကုတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်တို့ မပါဝင်ကြောင်း ၎င်းက ပြောကြားသည်။

အမ်းမြို့တွင် ဖေဖော်ဝါရီ ၉ ၊ ၁ဝ ရက်က ဆန္ဒပြပွဲများ၌  ဖမ်းဆီးခံခဲ့ရပြီးနောက်  ပြန်လည်လွတ်မြောက် လာသူများမှာ  ဒေါ်ပုမ (၄ဝ) နှစ် (ဘ) ဦးကျော်မင်း၊ မိုင်ရတနာအောင် (၂၁) နှစ် (ဘ) ဦးဝင်းမောင်၊ စောကလျာထွန်း(၂၁) နှစ် (ဘ) ဦးအေးဦး၊ ဒေါ်တင်ချိုချိုထွေး(၃၆)နှစ်၊ ဆရာ ဦးမျိုးအောင်ချို (၂၆) နှစ် (ဘ) ဦးကျော်ချို၊ ဆလိုင်းမင်းထိုက်အောင်၊ သင်းမြတ်ခိုင် (၃ဝ) နှစ် AGD ဘဏ်ဝန်ထမ်းတို့ဖြစ်သည်။

၄င်းတို့ ခုနစ်ဦးအမှုကို ဖေဖော်ဝါရီ ၂၄ ရက်က ဒဏ်ငွေရှစ်သောင်းပေးဆောင်၍ အမ်းမြို့မ ရဲစခန်းမှ ပြန်လည်လွတ်မြောက်လာကြခြင်းဖြစ်သည်။

ဂွမြို့နယ်မှ ဖမ်းဆီးခံထားရသည့် ကိုအောင်စိုးမင်း၏ ဇနီးဖြစ်သူ မနန်းယုခိုင်က “ကျွန်မတို့ သူနဲ့တွေ့ခွင့်တော့ရပါတယ်။ သူ့တို့ကို ငြိမ်းစုစီပုဒ်မနဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ပုဒ်မတွေတပ်ပြီး ရုံးထုတ်မယ်လို့ စခန်းကတော့ ပြောပါတယ်။ သူ့ကိုဖမ်းတဲ့နေ့က လမ်းမှာ ကျွန်မနဲ့ကလေးလည်း ပါတယ်။ ဆိုင်ကယ်နောက်မှာထိုင်ပြီပေါ့။ မေးစရာရှိလို့ဆိုပြီးခေါ်သွားတာပါ။ စိတ်မကောင်းဖြစ်ရပါတယ်” ဟုပြောသည်။

ရခိုင်တွင် စစ်အာဏသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် လူအယောက် ၃ဝ နီးပါးခန့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရကြောင်း ဒေသခံများနှင့် ၄င်းတို့၏ မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...