ကချင်ပြည်နယ် မြို့နယ်တချို့တွင် ယနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) အာဏာရှင်ဆန့်ကျင်သည့် ဒေသခံဆန္ဒပြသူများကို ရဲအင်အားများစွာဖြင့် ပိတ်ဆို့တားဆီးခဲ့သော်လည်း ထိပ်တိုက်မတွေ့သောနည်းဖြင့် လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်နယ်ရှိ မိုးညှင်း၊ မိုးကောင်း၊ ရွှေကူမြို့နယ်တို့တွင် ရဲအင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ခဲ့ရာ ဒေသခံဆန္ဒပြသူများက ၎င်းတို့လွတ်ရာလမ်းကြောင်းများမှ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် ဆန္ဒပြသူများ လှည့်လည်ဆန္ဒပြသည့် နေရာလေးခုကို ရဲတပ်ဖွဲ့က အင်အားပိတ်ဆို့ခဲ့ပြီး ယနေ့ဆန္ဒပြပွဲသည် စာတင်ထားခြင်းမရှိသောကြောင့် စီတန်းလှည့်လည်ခွင့်မပြုဘဲ သတိပေးတားမြစ်သည့်ကြားမှ ဆက်လက်လုပ်ဆောင်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲမှူးက အသိပေးခဲ့သော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများမှရရာနည်းဖြင့် အတားအဆီးလွတ်ရာ လမ်းကြောင်းများမှ စစ်အာဏရှင်စနစ်ကျဆုံးပါစေ-ကျဆုံးပါစေဟု သံပြိုင်ကြွေးကြော်ကာ သပိတ်စစ်ကြောင်းကို ဆက်လက်ချီတက် စီတန်းလှည့်လည်ကာ အရေးတော်ပုံ အောင်ရမည်.. အောင်ရမည်ဟု ကြွေးကြော်ကာ စီတန်းလှည့်လည်ခြင်းကို ရပ်နားခဲ့ကြသည်။
ထို့ပြင် မိုးကောင်းမြို့နယ်တွင်လည်း ဆန္ဒပြပြည်သူများကို ရဲနှင့်စစ်သားများပိတ်ဆို့ထားသဖင့် ထိပ်တိုက်မတွေ့စေရန် ရှောင်ကွင်း၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
အလားတူ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် မြို့တွင်း၌ လူစုခွင့်မရသဖြင့် မြစ်ကြောင်းသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိုပင်မြို့တွင် ပြည်သူများသည် မြို့မတောင်အလည်ပိုင်း ဟိုပင်ဘူတာရှေ့မှ အထက ဟိုပင်အထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ပြီး သပိတ်စစ်ကြောင်းအား တားဆီးပိတ်ပင်မှုများမရှိခဲ့သော်လည်း ရဲများ၊ စစ်သားများက လူဝတ်များနှင့် မှတ်တမ်းများလိုက်ယူနေကြောင်း ဆန္ဒပြပါ၀င်သူများက ပြောသည်။