လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်တချို့ ကိုယ်ပိုင်အုပ်ချုပ်မှု စတင်

လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်တချို့ ကိုယ်ပိုင်အုပ်ချုပ်မှု စတင်
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်တချို့သည် အာဏာသိမ်းစစ်ကောင်စီကခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများကို လက်မခံဘဲ ကိုယ်ပိုင်အုပ်ချုပ်သွားမည်ဖြစ်ကြောင်း ကြေညာချက်များထုတ်ပြန်လိုက်သည်။

 

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလုပ်ရှားမှု ကယားပြည်နယ် သပိတ်ကော်မတီကလည်း စစ်ကောင်စီမှ ခန့်အပ်ထားသော ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို အသိအမှတ်မပြုရန်နှင့် မိမိတို့ရပ်ကွက် ကျေးရွာများတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားရန် တိုက်တွန်းနှိုးဆော်ထားသည်။

 

ဒီမော့ဆို မြို့နယ်အတွင်းရှိ ကျေးရွာတချို့လည်း ပြည်သူအုပ်ချုပ်သည့်စနစ်ဖြင့် ကျင့်သုံးလျက်ရှိပြီး ကျေးရွာ လုံခြုံရေးအတွက် ကင်းလှည့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

"ရွာမှာလုံခြုံရေးအရ ကျွန်တော်တို့ ပြည်သူတွေက အုပ်ချုပ်တဲ့လုံခြုံရေးပေါ့ သပိတ်ကာလအတွင်း စစ်အာဏာ သိမ်းတဲ့အတွင်းမှာ လုံခြုံရေးအတွက်က ရွာရဲ့အစီအမံနဲ့ ကျတော်တို့ဖွဲ့စည်းထားတာရှိပါတယ်။ ညပိုင်းလုံခြုံရေး အတွက် ရပ်ရွာမှာ အဖွဲ့လိုက် ည၆နာရီမှ မနက် ၄နာရီအထိ ရွာကင်းလှည့်ပါတယ်။ လူငယ်အဖွဲ့ကို လူကြီးတွေက ကွပ်ကဲပြီးတော့ ရွာမှာ လုံခြုံရေးယူနေပါတယ်" ဟု ရပ်မိရပ်ဖတစ်ဦးကပြောသည်။

 

ဖေဖော်ဝါရီလ ဒုတိယပတ်မှစ၍ ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ အချိန်မတော် လူစိမ်းများ ဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သဖြင့်ကျေးရွာများတွင် ဒေသခံများကိုယ်တိုင်လုံခြုံရေးလုပ်၍ ကင်းလှည့်နေရသည်။

 

ဒီမော့ဆိုမြို့နယ် ထီးဖိုးကလိုကျေးရွာတွင် နေထိုင်သူတစ်ဦးက "လုံခြုံရေးရှိတယ် တစ်ညကို လေးယောက် ရှစ်ယောက်လောက် ရွာအဝင်အထွက်မှာ စောင့်ပေးတာတော့ ရှိတယ်" ဟုပြောသည်။

 

လွိုင်ကော်မြို့ပေါ်တွင်လည်း ပြည်သူများ ဘေးကင်းလုံခြုံစွာနေနိုင်ရန် အကြောင်းပြချက်ဖြင့် ရဲကား၊ စစ်ကားများ နေ့စဉ်ကင်းလှည့်လျက်ရှိသည်။

 

စစ်တပ်မှ အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှစပြီး လက်ရှိအချိန်ထိ ၎င်းတို့၏ လုပ်ဆောင်မှုများကို ပြည်သူလူထုများက ဆန့်ကျင့်ကန့်ကွက်နေဆဲဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...