ဒေါက်တာအေးမောင်အပါအဝင် ရခိုင့်ဦးဆောင်ပါတီ (AFP) ကို ဦးဆောင်မည့် ထိပ်ပိုင်းခေါင်းဆောင်တချို့ ရခိုင်အမျိုးသားပါတီ (ANP) မှ တရားဝင် နှုတ်ထွက်ခွင့်မရသေးသည့်အပေါ် ဆောင်ရွက်ပေးရန် အာဏာသိမ်းစစ်ကောင်စီကဖွဲ့ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ တင်ပြခဲ့ကြောင်း AFP ပါတီ တာဝန်ရှိသူများထံမှ သိရသည်။
ANP ပါတီမှ ထွက်ခွင့်မရသည့်ကိစ္စနှင့်ပတ်သက်၍ ကော်မရှင်အနေဖြင့် တစ်စုံတစ်ရာလုပ်ပေးရေးကို ယနေ့ (ဖေဖော်ဝါရီ ၂၆ ရက်) နေပြည်တော်၌ပြုလုပ်သည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ဆွေးနွေးပွဲတွင် တင်ပြခဲ့ခြင်းဖြစ်သည်ဟု AFP ပါတီ ဒု-ဥက္ကဋ္ဌ ဦးကျော်ဇောဦးက ဆိုသည်။
“ဒေါက်တာအေးမောင်အပါအဝင် AFP ပါတီကို ဦးဆောင်ဦးရွက်ပြုမယ့်သူ ငါးယောက်ဟာ ရခိုင်အမျိုးသားပါတီ (ANP) ကနေ ထွက်ခွင့်မရဘူး။အဲဒီကိစ္စကို UEC အနေနဲ့ အသေအချာဆောင်ရွက်ပေးဖို့ကို သွားပြီးတင်ပြတာဖြစ်တယ်” ဟု ၎င်းကပြောသည်။
ANP ပါတီမှ နှုတ်ထွက်ခွင့်မရသေးသည့်သူများမှာ ANP ပါတီဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်လတ်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်၊ ဦးဝေစံအောင်နှင့် ဦးအောင်သန်းဝေ တို့ဖြစ်ကြသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး UEC မှ ကော်မတီဝင်များဆွေးနွေးပြီးနောက် အကြောင်းပြန်ပေးမည်ဟု ပြောဆို ကြောင်းနှင့် AFP ပါတီအနေဖြင့် ယင်းတွေ့ဆုံပွဲတွင် တခြားအကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း မရှိဟု ဦးကျော်ဇောဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီစုစုပေါင်း ၉၁ ပါတီရှိသည့်အနက် အသစ်ဖွဲ့ထားသည့် UEC နှင့် တွေ့ဆုံဆွေးနွေး ပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီ စသည့် နိုင်ငံရေးပါတီ ၅၃ ပါတီတက်ရောက်ပြီး ၃၈ ပါတီပျက်ကွက်ကြောင်းနှင့် ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားပါတီ (ANP) မှ တင်ပြဆွေးနွေးမှုမရှိခဲ့ကြောင်း သိရသည်။
နိုင်ငံရေးတွင် နိုင်ငံရေးပါတီများနှင့်နိုင်ငံရေးလုပ်သူများသည် သဘောထားကြီးစွာဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း လက်ရှိ AFP ပါတီတွင် နာယကအဖြစ်တာဝန်ယူထားသူလည်းဖြစ်၊ ANP ပါတီမှ တရားဝင် နှုတ်ထွက်ခွင့်မရသေးသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်က ပြောသည်။
“နိုင်ငံရေးပါတီတစ်ရပ်က ဘယ်သူမဆို၊ပါတီခေါင်းဆောင်ဖြစ်ဖြစ် ပါတီဝင်ဖြစ်ဖြစ် အကုန်လုံး လွတ်လွတ်လပ်လပ်ရှိရမယ်။ သဘောက ဒီလူက ပါတီမှာမနေချင်ဘူးဆိုရင် ထွက်ချင်တယ်ဆိုရင် ထွက်ခွင့်ပေးရမယ်။ အခု ပါတီတစ်ခုကကန့်သတ်ထားတယ် ထွက်ခွင့်မပေးဆိုတာက အများကြီး အရုပ်ဆိုးတယ်လို့မြင်တယ်။ နောက် အကျပ်ကိုင်တယ်လို့မြင်တယ်၊ဆိုလိုတာက တခြားပါတီတွေမှာလည်း မဝင်ရဆိုတဲ့ သဘောမျိုးဖြစ်တယ်။ ကျနော်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုရင် AFP ပါတီက ဝင်ခွင့်မရ၊ သူတို့ (ANP) က ကန့်ကွက်မယ်ကိုစိုးလို့ တသီးပုဂ္ဂိုလခံရတယ်၊ အဲလိုမျိုးပေါ့ ” ဟု၎င်းကပြောသည်။
UEC အနေဖြင့် ပါတီတွင်းကိစ္စရပ်များကို ဖြေရှင်းပေးနိုင်မည်မဟုတ်သည့်အတွက် AFP ပါတီမှ ပါတီ ဝင်တချို့ နှုတ်ထွက်ခွင့်မရသည့် ကိစ္စများကို UEC ထံ တင်ပြခြင်းသည် လွှဲမှားပြီး ANP ပါတီထံ လာရောက်ဆွေးနွေးစေချင်ကြောင်း ယင်းပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောသည်။
“အဓိကတော့ ပါတီကိုလာရောက်ပြီးဆွေးနွေးစေချင်တယ်။ ပါတီကိုလာပြီးတော့ နှုတ်ထွက်ခွင့် ရ၊မရဆိုတာဟာ ဘာကြောင့်လဲဆိုတာကို လာပြီးတော့ပြောရင် ပိုပြီးတော့အဆင်ပြေမယ်ထင်တယ်။ အဲတာက တစ်ယောက်ချင်းအပေါ်မှာ မူတည်တယ်။ တချို့က ရိုးရိုးနှုတ်ထွက်တာရှိတယ်။တချို့က ပါတီကို အပြစ်ပြောပြီးနှုတ်ထွက်တာရှိတယ်။ တချို့က ပါတီကိုထည့်ရမယ့်ငွေတွေကို မထည့်တာတွေရှိတယ်။ အဲဒီအပေါ်မှာ တစ်ယောက်ချင်းကို ပါတီမှာမှတ်တမ်းအဖြစ်ရှိတယ်။ အဲတာနဲ့ပတ်သတ်လို့ ပါတီကိုနောက်ထပ်တစ်ကြိမ် ဒီကိစ္စကို အကြောင်းကြားပေးနိုင်ရင် ကောင်းမယ်” ဟု ၎င်းကပြောသည်။
လက်ရှိ AFP ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါက်တာအေးမောင်သည် ယခင် ANP ပါတီဥက္ကဋ္ဌဖြစ်ခဲ့သူဖြစ်သည်။ သို့သော် ဒေါက်တာအေးမောင်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ရခိုင်အမျိုးသားပါတီ (ANP)မှ နုတ်ထွက်စာတင်ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ၎င်းဦးဆောင်သည့် AFP ပါတီကို တည်ထောင်ခွင့် လျှောက်ခဲ့ခြင်းဖြစ်သည်။