လတ်တလောဖြစ်ပွားနေသည့် မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှုနှင့် ၎င်းအပေါ် ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုများကြောင့် လာမည့်မတ်လတွင် ကျင်းပရန်လျာထားသည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ (၁၇) ကြိမ်မြောက် ကွန်ဂရက်ကို ကျင်းပရန်မသေချာကြောင်း သိရသည်။
လာမည့် မတ်လအတွင်း (၁၇) ကြိမ်မြောက်ကွန်ဂရက်ကို ကျင်းပနိုင်ရန် ယခုဖေဖော်ဝါရီလအတွင်း KNU ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးရန် ကနဦးစီစဉ်ထားသော်လည်း လတ်တလောဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းမှုကြောင့် ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း KNU တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒို စောလှထွန်းက ယခုလိုပြောသည်။
“ကနဦးက မတ်လမှာ ကျင်းပနိုင်ဖို့ ဒီဖေဖော်ဝါရီလထဲမှာ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးခေါ်ဖို့ရှိတယ်။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ဒါကအရေးပေါ်ကာလတစ်ခုဖြစ်လာတယ်။ ဒါကြောင့် အမြဲတမ်းကော်မတီအစည်းအဝေးခေါ်ဖို့ ရှိပေမဲ့ မခေါ်နိုင်သေးဘူး။ ဒီအစည်းအဝေးကနေပဲ ကွန်ဂရက်ကို ဘယ်လိုပုံစံ ကျင်းပကြမလဲဆိုတာကို ဆွေးနွေးကြမှာ။ ဒါပေမဲ့ အခုအစည်းအဝေး မခေါ်နိုင် သေးတာကြောင့် ဒီမတ်လထဲမှာ ကျင်းပမယ့်ကွန်ဂရက်က မဖြစ်လာနိုင်သေးဘူး” ဟု ၎င်းကပြောသည်။
ကေအဲန်ယူဖွဲ့စည်းပုံအရ KNU ကွန်ဂရက်အစည်းအဝေးကြီးကို လေးနှစ်တစ်ကြိမ် ကျင်းပရမည်ဖြစ်ပြီး ယခုနှစ်များအတွင်း ဖြစ်ပွားခဲ့သည့် ကိုဗစ်ကပ်ရောဂါကာလတွင် သွားလာရေးအခက်အခဲများကြောင့် မကျင်းပနိုင်သေးဘဲ မတ်လတွင် ကျင်းပရန် စီစဉ်ခဲ့ရာမှ လက်ရှိ စစ်အာဏာသိမ်းမှုကြောင့်ကျင်းပချိန်ကို ရွှေ့ဆိုင်း ထားရခြင်း ဖြစ်သည်။
အလားတူ ပြီးခဲ့သည့် (၁၆) ကြိမ်မြောက် ကွန်ဂရက်ကိုလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှု အကြောင်းပြချက်များဖြင့် ၂၀၁၆ ခုနှစ်တွင် ကျင်းပရန်စီစဉ်ခဲ့ပြီးမှ နောက်ခြောက်လနေမှကျင်းပရန် ရွှေ့ဆိုင်းလိုက်ရပြီး ၂၀၁၇ ခုနှစ် မတ်လ ၁၄ ရက်မှသာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
KNU ၏ ဖွဲ့စည်းပုံထဲတွင် နိုင်ငံရေးအခြေအနေနှင့်စစ်ရေး ပဋိပက္ခအခြေအနေများကြောင့် ကွန်ဂရက်ကို ကျင့်ပသည့်ကာလထက် နောက်ထပ် တစ်နှစ်မှ နှစ်နှစ်အထိ ရွှေ့ဆိုင်းနိုင်သည်ဟု ပြဌာန်းထားသော်လည်း ဗဟို အမြဲတမ်းကော်မတီဝင်များ၏ ၇၀ ရာခိုင်နှုန်း ထောက်ခံမှုရရှိမှသာ ကွန်ဂရက်ကို ရွှေ့ဆိုင်းနိုင်ကြောင်း သိရသည်။